မိခင်နို့ကို အအေးခန်းထဲသိမ်းဆည်းနည်း

မိခင်နို့ကို အအေးခန်းတွင်သိမ်းဆည်းခြင်း

မိခင်နို့ကိုအဓိကထားတိုက်ကျွေးတဲ့မေမေတို့ရေ နို့ကပုံမှန်ထက်ထွက်လွန်းတာပဲဖြစ်ဖြစ်၊ သားသားမီးမီးလေးတွေကမစို့လို့ပဲဖြစ်ဖြစ် နို့ကြောတွေတင်းပြီးညှစ်ထုတ်နေရတဲ့ မေမေတို့အတွက်ဒီဆောင်းပါးလေးမှာ မိခင်နို့ကို ရေခဲသေတ္တာအအေးခန်းနဲ့ အအေးခဲခန်း (Freezer) မှာသိမ်းဆည်းပြီး လိုအပ်တဲ့အချိန်မှာ ပြန်လည်တိုက်ကျွေးပုံနည်းလမ်းလေးတွေကိုဝေမျှပေးသွားပါမယ်ရှင်။

မိခင်နို့ကို အအေးခဲခန်း( Freezer)ထဲတွင် သိမ်းဆည်းသိုလှောင်နည်း

ဘေဘီလေးတွေသောက်တဲ့ ပမာဏထက်ကို နို့ပိုထွက်လွန်းတဲ့ မေမေတို့အတွက်မိခင်နို့ကိုအေးခဲခန်းထဲမှာသိုလှောင်သိမ်းဆည်းခြင်းထားခြင်းကအထူးသင့်တော်ပါတယ်။ မေမေတို့ဖျားနာတဲ့အခါ၊ အလုပ်ခွင်ပြန်ဝင်တဲ့အခါမှာလည်းအဆင်ပြေပါတယ်။ မိခင်နို့ကို အေးခဲခန်းထဲမှာ ၃လခန့်ကြာအောင်သိမ်းဆည်းထားနိုင်ပါသည်။ မိခင်နို့ထည့်ပြီးသိမ်းတဲ့ storage bag မှာထည့်ပြီး မိခင်နို့ကိုစတင်သိမ်းတဲ့ရက်စွဲကိုရေးမှတ်ပြီး အအေးခဲခန်းထဲမှာသိမ်း​ထားခြင်းဖြင့်လိုအပ်တဲ့အချိန်မှာအသုံးပြုနိုင်ပါတယ်။

အေးခဲထားသောမိခင်နို့ကို မတိုက်မီတစ်ရက်အလိုတွင် ပုံမှန်ရေခဲသေတ္တာ အအေးခန်းသို့ပြောင်းထည့်ထားပါ။ဒါမှမဟုတ် အေးခဲထားတဲ့ မိခင်နို့ထည့်ထားတဲ့အိတ်ကိုရေဖြင့်စိမ်ထားပြီး အရည်ပျော်သွားတဲ့အခါနို့ဘူးထဲပြောင်းထည့်ပြီး ခွက်ထဲရေနွေးနွေးလေးထည့်ပြီး နို့ဘူးကိုခွက်ထဲထည့်ပြီးအနွေးခံပြီး ပြန်လည်းတိုက်ကျွေးလို့ရပါတယ်။ မိုက်ခရိုဝေ့ဖ်ထဲမှာအေးခဲထားတဲ့နို့ကိုပြန်နွေးပြီးလုံးဝမတိုက်သင့်ပါဘူးနော်။ ပွက်ပွက်ဆူနေတဲ့ရေ သို့မဟုတ် မိုက်ခရိုဝေ့ဖ်ကိုအသုံးပြုခြင်းဖြင့် မိခင်နို့တွင်ပါဝင်သော ဗီတာမင်နဲ့ သတ္တုဓာတ်စတဲ့မိခင်နို့၏ဂုဏ်သတ္တိများကိုပြောင်းလဲသွားစေနိုင်ပါသည်။အေးခဲထားတဲ့နို့ကိုပြန်နွေးထားတဲ့နို့ဘူးထဲကနို့တွေကို အကုန်မသောက်လို့ပဲဖြစ်ဖြစ်၊ ကျန်တာပဲဖြစ်ဖြစ် ကလေးကိုပြန်မတိုက်ပါနှင့် သွန်ပစ်ဖို့အကြံပြုချင်ပါတယ်။

မိခင်နို့ကိုပုံမှန်ရေခဲသေတ္တာ အအေးခန်းတွင်သိမ်းဆည်းပုံနည်း

မိခင်နို့ကို ပုံမှန်ရေခဲသေတ္တာတွင်၂၄နာရီသိုလှောင်သိမ်းဆည်းနိုင်ပါတယ်။ နို့ဘူးထဲညှစ်ထည့်ထားတဲ့ မိခင်နို့တွေကို နို့ဘူးအဖုံးဖြင့်သေချာပိတ်ပြီး ပုံမှန်အအေးခန်းတွင်သိမ်းဆည်းထားပါ။

ရေခဲသေတ္တာထဲမှာသိမ်းဆည်းထားတဲ့နို့ဘူးကို ကြက်သီးနွေးရေထဲထည့်စိမ်ပြီးနွေးပေးပြီး ကလေးငယ်ကိုတိုက်ကျွေးလို့ရပါတယ်။၂၄ နာရီကျော်ပြီးသိမ်းဆည်းထားတဲ့မိခင်နို့တွေကို ကလေးငယ်တွေကိုလုံးဝမတိုက်ကျွေးသင့်ပါဘူး။

မိခင်နို့ကို သိုလှောင်သိမ်းဆည်းခြင်းဖြင့် မေမေတို့နေမကောင်းဖြစ်လို့ပဲ​ဖြစ်ဖြစ်၊ လုပ်ငန်းခွင်ပြန်ဝင်လို့ပဲဖြစ်ဖြစ်အဆင်ပြေနိုင်ပါတယ်။ အရေးကြီးတာက စနစ်တကျသိုလှောင်ပုံနည်းလမ်းနဲ့ သိုလှောင်ချိန်ကာလကိုစနစ်တကျလိုက်နာဖို့ပါ။ အမြန်လိုလို့ဆိုပြီး မိုက်ခရိုဝေ့ဖ်သုံးပြီးနွေးတာမျိုးတွေကိုလုံးဝမပြုလုပ်သင့်ပါဘူး။လုပ်ငန်းခွင်ပြန်ဝင်တဲ့မေမေတို့အတွက် မိခင်နို့ကိုသိုလှောင်သိမ်းဆည်းခြင်းနည်းလမ်းတွေကအလွန်အဆင်ပြေစေတဲ့အတွက် စနစ်တကျသိုလှောင်နည်း၊ သိုလှောင်ချိန်ကာလကိုလိုက်နာပြီး နည်းမှန်လမ်းမှန်အသုံးပြုနိုင်ကြပါစေရှင်။

Previous
Previous

ကိုယ်ဝန်ဆောင် ချိန်မှန်ကန်သောအိပ်စက်ပုံအနေအထား

Next
Next

မွေးကင်းစကလေးငယ်တွေနှင့်ရေကျက်အေး