ကိုယ်ဝန်ဆောင် ချိန်မှန်ကန်သောအိပ်စက်ပုံအနေအထား

ကိုယ်ဝန်ဆောင်ချိန် အိပ်စက်ပုံအနေအထား

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ပြောင်းလဲမှုတွေကြောင့် အိပ်စက်ခြင်းနဲ့ပတ်သတ်တဲ့ပြဿနာများကြုံတွေ့ရတတ်ပါတယ်။ ဗိုက်ထဲမှာရှိတဲ့ ရင်သွေးလေးအတွက်စဥ်းစားပြီး "ဒီလိုအိပ်လို့ ကလေးအတွက်နေရခက်နေမလား " "အသက်ရှုများကျပ်နေမလား" လို့တွေးပြီးစိုးရိမ်မိတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်မေမေတို့ ဘယ်လိုခန္ဓာကိုယ် အနေအထားပုံစံနဲ့အိပ်စက်ခြင်းဟာသင့်တော်လဲ၊ ဘယ်လိုအနေအထားကတော့ မသင့်တော်ဘူးလဲဆိုတာ ဒီဆောင်ပါးမှာပြောပြပေးသွားပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်စက်ခြင်းနဲ့ ပတ်သတ်ပြီးကြုံတွေ့ရနိုင်တဲ့အခက်အခဲများ

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲ၊ ခန္ဓာကိုယ်အပြောင်းအလဲ၊ တနေ့ထက်တနေ့ဗိုက်ထဲမှာပိုမိုကြီးထွားလာတဲ့ ရင်သွေးလေးအနေအထားစတာတွေကြောင့် ပုံမှန်ထက်အိပ်ချင်လွန်းခြင်း၊ အိပ်မပျော်ခြင်းစတဲ့ ပြဿနာများကို ခံစားရနိုင်ပါသည်။

ကိုယ်ဝန်လနုချိန်မှာတော့ Progesterone လို့ခေါ်တဲ့ဟော်မုန်း အတက်အကျကြောင့် ဘယ်လောက်ပဲအိပ်အိပ် အိပ်ရေးမဝဘူး တနေကုန်အိပ်ချင်နေတဲ့ လက္ခဏာလေးတွေအဖြစ်များတတ်ပြီး၊ ကိုယ်ဝန်လအလယ်မှာတော့ Estrogen လို့ခေါ်တဲ့ဟော်မုန်းကြောင့်ပဲ အအိပ်ဆတ်ခြင်း စတဲ့လက္ခဏာမျိုးတွေအဖြစ်များတတ်ပါတယ်။ ကိုယ်ဝန်လရင့်ချိန်မှာတော့ ကြီးထွားလာတဲ့ကိုယ်ဝန်ကြောင့် ခြေလက်ဖောရောင်ခြင်း၊ ကြွက်တက်ခြင်းစတဲ့ လက္ခဏာများဖြစ်တတ်ပြီးအိပ်မပျော်ခြင်း၊ ခဏခဏလန့်နိုးခြင်းစတဲ့ ပြဿနာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။

ကိုယ်ဝန်လအလိုက် သင့်တော်တဲ့အိပ်စက်ခြင်းအနေအထားများ

ဗိုက်ထဲကရင်သွေးလေးတွေ ကျန်းမာစွာကြီးထွားဖွံဖြိုးရန်အတွက် ကိုယ်ဝန်ဆောင်မိခင်တယောက်ရဲ့ လုံလောက်စွာအိပ်စက်ခြင်းကအရေးကြီးဆုံးအခန်းဂဏ္ဍမှာပါဝင်ပါတယ်။ ကိုယ်ဝန်လအလိုက် ပြောင်းလဲပြီး အိပ်သင့်တဲ့ခန္ဓာကိုယ်အနေအထားပုံစံတွေကို ကြည့်ကြည့်ကြရအောင်နော်။

ကိုယ်ဝန်လနုချိန်(ကိုယ်ဝန်စရှိချိန်~၄လအထိ)

ကိုယ်ဝန်လနုချိန်မှာ ဗိုက်ထဲမှာရှိတဲ့ကလေးအတွက် သားအိမ်ချဲ့ခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ အချင်းဖန်းတီးခြင်းအစရှိတဲ့ပြောင်းလဲမှုတွေအပြင် ဟော်မုန်းအပြောင်းအလဲကြောင့် အိပ်စက်ခြင်းပြဿနာတွေအဖြစ်များတတ်ပါတယ်။ Morning Sick ကြောင့် အိပ်မပျော်တဲ့ကိုယ်ဝန်ဆောင်မိခင်တွေလည်းရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ခန္ဓာကိုယ်အပေါ်ပိုင်းကို အနည်းငယ်မြှင့်ထားခြင်း ဖြင့် အိပ်ပျော်ဖို့ပိုလွယ်ကူပါလိမ့်မယ်။ ကိုယ်ဝန်အစောပိုင်းအချိန်တွင် ခန္ဓာကိုယ်၏ ရုတ်တရက်ပြောင်းလဲမှုများကိုတုံ့ပြန်မှုတစ်ခုအဖြစ် အလွန်အမင်းအိပ်ချင်လွန်းခြင်းကိုခံစားရသောကြောင့်ခန္ဓာကိုယ်ကို သက်တောင့်သက်သာရှိသော အနေအထားဖြင့်အနားယူရန်လိုအပ်ပါသည်။

ကိုယ်ဝန်လအလယ်(ကိုယ်ဝန် ၅လ ~ ၇လ)

ကိုယ်ဝန်ဆောင်အလယ်ကာလလောက်မှာ Morning Sick လည်းသက်သာလာပြီး ဗိုက်ကလည်းတော်တော်ထွက်လာပါပြီ။ ဒီလိုအလယ်ကာလမှာ ပက်လန်လှန်အိပ်ခြင်းဟာ အသင့်တော်ဆုံးအနေအထားဖြစ်ပေမယ့်၊ အသက်ရှုရမဝဘူးလို့ခံစားရတာမျိုးတွေရှိတတ်ပါတယ်။ ကူရှင်၊ ဖက်လုံးစတာတွေကို အသုံးပြုပြီးကိုယ်ကသက်တောင့်သက်သာအနေအထားဖြစ်နေအောင်လုပ်ခြင်းဖြင့်ကောင်းမွန်စွာအိပ်စက်နိုင်ပါမယ်။

ကိုယ်ဝန်လရင့်ချိန်ကာလ (ကိုယ်ဝန် ၈လ ~)

ကိုယ်ဝန်လရင့်လာတဲ့အခါ ကြီးထွားလာသောသားအိမ်က အနီးအနားကကိုယ်တွင်းအဂ်ါများနှင့် သွေးကြောများကိုဖိလာပါသည်။ ဒီလိုကာလမှာ ပက်လန်လှန်အိပ်ခြင်းဟာ အသက်ရှုကျပ်ခြင်း၊ သတိလစ်ခြင်းစတာတွေဖြစ်နိုင်ပါတယ်။ အချိန်ကြာကြာပက်လက်လှန်အနေအထားဖြင်းအိပ်စက်ခြင်းဖြင့် ကလေးထံသို့ပို့ပေးသောသွေးပမာဏလျော့နည်းသွားကာ အောက်စီဂျင်နှင့်အာဟာရမလုံလောက်မှုတို့ကိုဖြစ်စေနိုင်သည်။ အကယ်၍ ပက်လက်အနေအထားဖြင့်အိပ်ရင်း အသက်ရှုကျပ်ခြင်းစတာတွေခံစားရလာရင် ချက်ချင်းခန္ဓာကိုယ်အနေအထားကိုပြောင်းလဲဖို့အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်မေမေတို့အတွက်အသင့်တော်ဆုံးအိပ်စက်ခြင်း အနေအထားပုံစံ

ကိုယ်ဝန်ဆောင်ချိန်မှာကိုယ်ကသက်တောင့်သက်သာအနေအထားလို့ခံစားရတဲ့ ပုံစံမျိုးနဲ့အိပ်စက်ခြင်းဟာ ကောင်းမွန်စွာအိပ်ပျော်နိုင်ပါမယ်။ ဒါပေမယ့် ဘယ်လိုအနေအထားမျိုးနဲ့မှအဆင်မပြေဘူးဆိုတဲ့ မေမေတို့အတွက် Sims Position နဲ့အိပ်စက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ Sims အနေအထားကတော့ ခန္ဓာကိုယ်ကို ဘယ်ဘက်အခြမ်းကိုစောင်းအိပ်ရန်ဖြစ်ပါတယ်။ ဘယ်ဘက်ခြေထောက်ကိုဖြောင့်တန်းပြီး၊ ညာဖက်ခြေထောက်ကိုကွေးပြီး ၊ ကွေးထားသောညာဖက်ခြေထောက်အောက်တွင် ကူရှင်၊ ဖက်လုံး တခုခုထားရှိခြင်း ဖြင့် အနေအထားကိုချိန်ညှိလို့ရပါတယ်။ ( ရှင်း​ပြတာနားမလည်ခဲ့ရင် Google မှာလည်း Sims Position လို့ရှာကြည့်လို့ရပါတယ်)

Previous
Previous

အချိန်ပိုင်း Mom Content Writer များခေါ်ယူခြင်း

Next
Next

မိခင်နို့ကို အအေးခန်းထဲသိမ်းဆည်းနည်း