ကလေးတွေစကားပြောနောက်မကျအောင် ပြုလုပ်ပေးဖို့အချက်၅ချက်

စကားကြွယ်တဲ့ ကလေးငယ်

မေမေတို့ရေ

“ သမီးလေးက စကားသိပ်တတ်တာ၊ သားလေးက ဆယ်လသားကတည်းက စကား စ ပြောတာလေ။” ဆိုနဲ့ ကလေးလေးတွေရဲ့ ဆည်းလည်းသံလေးတွေအတွက် ဂုဏ်ယူပြောတတ်ကြတာလေးတွေ ကြားနေကြမို့လားရှင်။ အဲ့ဒီလိုပဲ “ သားလေးက ၃နှစ်ပြည့်တော့မယ် အခုထိသေချာ စကားမပြောတတ်သေးဘူး၊ သမီးလေးထက်ငယ်တဲ့ ကလေးတွေတောင် စကားပြောနေကြပြီ ဘာလို့လဲ မသိဘူး စိုးရိမ်လိုက်တာ” ဆိုတဲ့ မေမေတွေရဲ့ ရင်ဖွင့် အကူအညီတောင်းခံသံတွေကလည်း ပတ်ဝန်းကျင်မှာ ကြားနေကြရတာပါပဲ။ ဆည်းလည်းသံချိုချိုလွင်လွင်လေးတွေက မေမေတို့အတွက် အားဆေးပဲ မဟုတ်လားရှင်။

ဒါကြောင့် ဒီအပတ်မှာ စကားကြွယ်တဲ့ ကလေးငယ်လေးတွေ ဖြစ်စေဖို့ မေမေ ဖေဖေတို့လုပ်ပေးရမယ့် အချက်လေး (၅) ချက်ကို ပြောပြချင်ပါတယ်။

၁။ Screen time နည်းနည်းပဲ ပေးပါ။

နည်းပညာခေတ်ကြီးထဲမှာ screen time ဖြစ်ဖို့ဆိုတာ မလွယ်ကူပေမယ့် အသက် ၂ နှစ် မပြည့်သေးတဲ့ သားသားမီးမီးတွေကိုတော့ လုံးဝ screen time မပေးရပါဘူးရှင်။ အသက် ၂နှစ်ပြည့်ပြီးချိန်မှာလည်း screen time နည်းနိုင်သမျှနည်းပါစေနော်။ Screen time များရင် စကားပြောနောက်ကျတာ၊ ဖေဖေ မေမေနားမလည်တဲ့ စကားသံတွေ ပြောတာ၊ ကလေးအချင်းချင်း အတူဆော့ကစားဖို့ စိတ်မဝင်စားတာ၊ ဖုန်း သို့ တီဗွီမကြည့်ရတဲ့အချိန်မှာ အာရုံမစူးစိုက်နိုင်ဘဲ ဒေါသကြီး ရန်လိုတတ်တာ စတဲ့ ပြဿနာတွေ တွေ့ကြုံရနိုင်ပါတယ်။ ကလေးလေး စကားကြွယ်စေဖို့ screen time ကို တတ်နိုင်သမျှ လျော့နည်းအောင် လုပ်ကြပါစို့နော်။

၂။ စကားများများပြောပေးပါ။

ဘယ်အရွယ်ကစပြီး စကားပြောပေးရမှာလဲလို့ မေးရင် ဗိုက်ထဲကတည်းကပါလို့ ဖြေရမှာပါပဲရှင်။ ကလေးလေးက မေမေ့ဝမ်းဗိုက်ထဲမှာကတည်းက အသံတွေကို ကြားနေရပြီမို့ ဗိုက်ကလေးကိုပွတ်ပြီး ဖေဖေ မေမေတို့က စကားပြောပေးလို့ ရပါပြီ။ မွေးပြီးချိန်မှာတော့ ကလေးလေးရေ နို့ဆာနေပြီလား၊ ကလေးလေး ရေချိုးရမယ့် အချိန်ရောက်ပြီ၊ ရေလေးကနွေးနွေးလေးနော် မေမေက ကလေးလေး အေးနေမှာစိုးလို့ နွေးအောင်လုပ်ပေးထားတာလေ၊ ဟော ရှူးရှူးတွေပေါက်ထားပြီပေါ့ ကလေးလေးရေ၊ ရှူးရှူးကနံတယ်ကွာ ဒိုင်ဘာလဲကြစို့နော်၊ ဒီနေ့ နေသာတယ်၊ က​လေးလေးက ပြုံးပြတော့ မေမေဖြင့်အမောတွေကိုပြေသွားတာပဲ၊ ကလေးလေးကို အရမ်းချစ်တယ်..စသဖြင့် ကိုယ်လုပ်ပေးသမျှ ခံစားရသမျှ လေးတွေကို ကလေးလေးကိုပြောပြပါ။ များများကြားရတဲ့ ကလေးက မြန်မြန်စကား စပြောတာမို့ ကလေးလေးကို စကားများများပြောပေးကြပါ မေမေတို့ရေ။

၃။ ပုံပြင် ကဗျာ များ ဖတ်ပြပါ။

ပုံပြင်လေးတွေ ကဗျာလေးတွေက ကလေးတို့ရဲ့ စိတ်ကူးစိတ်သန််းကောင်းမွန်ဖို့ လှုံ့ဆော်ပေးပါတယ်။ စာအုပ်တွေက ကလေးလေးတို့ မသိသေးတဲ့ အကြောင်းအရာတွေ သိလာအောင် ပြောပြပေးတယ်။ မရောက်ဖူးသေးတဲ့ အရပ်ဒေသတွေကို အလည်ခေါ်သွားမယ်။ ပုံပြင်ထဲက စကားပြောတတ်တဲ့ ယုန်လေးတွေ ခွေးလေးတွေ ကြောင်လေးတွေရဲ့ စကားသံလေးတွေနားထောင်ရင်း တိရစ္ဆာန်လေးတွေကို ချစ်ခင်ကြင်နာတတ်လာမယ်။ အပြင်မှာစကားမပြောတတ်တဲ့ အရာတွေက ပုံပြင်ထဲမှာ စကားပြောနေတာကို စိတ်ကူးပုံဖော်ကြည့်တတ်လာမယ်။ စာအုပ်လေးတွေက တဆင့် အရောင်တွေ ပုံပန်းသွင်ပြင်တွေ အရေအတွက်တွေကို သိလာမယ်။ ကဗျာလေးတွေကတဆင့် အသံ ကာရံတွေကို ရင်းနှီးကျွမ်းဝင်လာမယ်။ ကဗျာတိုလေးတွေကို မှတ်မိလာပြီး ချစ်စဖွယ်အမူအရာလေးတွေနဲ့ ဆိုပြတတ်လာမယ်။ အများကြီးကြားသိ မြင်တွေ့ခွင့်ရတဲ့အတွက် ကလေးလေးမှာ ပြောစရာ အကြောင်းအရာများများရှိလာသလို သိချင်စိတ်တွေများလာတဲ့အတွက် အမေးအမြန်းထူတဲ့ လေအိုးလေး ဖြစ်လာမှာပါရှင်။ ကလေးလေး စကားကြွယ်စေဖို့ စာများများဖတ်ပြကြရအောင်နော်။

၄။ နားထောင်ပေးပါ။ မေးမြန်းပါ။

ကလေးလေး စကားစပြောလာချိန်မှာ မျက်လုံးချင်းဆုံကြည့်ပေးပြီး အလေးထားနားထောင်ပေးပါ။ လိုချင်တာကို ပြောလာတဲ့ အခါ ဂရုစိုက်လုပ်ပေးပါ။ “ ကလေးလေး ရေချိုးပြီးရင် အပြာင်လေး ဝတ်မလား အဖြူရောင်လေး ဝတ်မလား” စသဖြင့်မေးပြီး ရွေးချယ်ခိုင်းပါ။ စကားမပြောတတ်သေးတဲ့ ကလေးလေးဆိုရင် လက်ညှိုးလေး ထိုးပြပြီး ရွေးချယ်ပါလိမ့်မယ်။ ကလေးလေးပြောတာ နားမလည်ရင် ပြန်မေးပါ။ ကလေးလေးရဲ့ မပီကလာ ပီကလာ စကားသံလေးက ချစ်ဖို့ကောင်းတာမှန်ပေမယ့် ပီပီသသပြောတတ်အောင် လေ့ကျင့်ပေးပါ။ စကား အသုံးအနှုန်းမှားတဲ့အခါ ရယ်မောလှောင်ပြောင်တာမျိုး မလုပ်ဘဲ အမှန်သိအောင်ပြောပြ သင်ပြပေးပါ။ မေးမြန်းလာတဲ့ မေးခွန်းတွေကို သေသေချာချာဖြေပေးပါ။ ကလေးလေးရဲ့ အပြောစွမ်းရည်တိုးတက်ဖို့ နားထောင် မေးမြန်းပေးခြင်းနဲ့ လေ့ကျင့်ပေးကြပါစို့ရှင်။

၅။ ရွယ်တူလေးတွေနဲ့ ကစားဖို့ စီစဉ်ပေးပါ။

ရွယ်တူကလေးလေးတွေနဲ့ အတူတူ ကစားခွင့်ရတာက ကလေးလေးရဲ့ ဘာသာစကားဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူပေးတဲ့အပြင် မျှဝေကစားတတ်ခြင်း စောင့်ဆိုင်းတတ်ခြင်း ပိုမိုစူးစမ်းလေ့လာတတ်ခြင်း စိတ်လွတ်လပ်ပျော်ရွှင်ခြင်း အတွေ့အကြုံသစ်ကြောင့် စိတ်လှုပ်ရှားမှုကို ကိုင်တွယ်ထိန်းချုပ်နိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေပါ ရရှိစေပါတယ်။ အိမ်အနီးပတ်ဝန်းကျင်မှာ အတူကစားဖော် စကားပြောဖော်ရှိတဲ့ ကလေးလေးတွေက အိမ်မှာ တစ်ယောက်တည်း ကစားရတဲ့ ကလေးလေးတွေ ထက်ပိုပြီး စကားများများပြောတတ်ကြပါတယ်။ ဒါကြောင့် စကားများများပြောတဲ့ ကလေးလေးတွေ ဖြစ်လာအောင် ရွယ်တူသူငယ်ချင်းတွေနဲ့ ကစားဖို့ စီစဉ်ပေးကြပါစို့နော်။

ဒီအချက်လေး (၅)ချက်ကို သေချာဂရုစိုက်ပြီး လုပ်ပေးမယ်ဆိုရင် စကားကြွယ်တဲ့ ကလေးငယ်လေးတွေ ဖြစ်လာမှာသေချာပါတယ်ရှင်။

မေမေတို့ရော ဘယ်အချက်လေးတွေကိုလုပ်ပေးဖြစ်လဲ ဆိုတာ ပြောပြမျှဝေပေးပါဦးနော်။

ရေးသားသူ - Khaing Kyu Thinn(Mom Content Writer)

Previous
Previous

You are the best MomVol.2

Next
Next

ကလေးမွေးပြီး Diet စလုပ်နိုင်မယ့်အချိန်