ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ ကလေးငယ်တွေဖြစ်စေဖို့

ကလေးတွေဟာ အသက် ၃နှစ်အရွယ်လောက်ရောက်ရင် အရာရာကို မိမိကိုယ်တိုင်လုပ်ကြည့်ချင်တဲ့စိတ်ကလေးတွေရှိလာကြပါတယ်။ မေမေတိုအနေနဲ့ ဒီအသက်အရွယ်ကလေးတွေကို အိမ်အလုပ်စတာတွေကူညီစေဖို့အတွက်ကတော့ ခက်ခဲမယ်လို့တွေးကြပါလိမ့်မယ်။ ဒါပေမယ့် ကလေးတွေက ကူညီပေးချင်တယ်လို့ တောင်းဆိုလာတဲ့အခါမှာ ကူညီဖို့အခွင့်အရေးပေးကြည့်ပါ။ ဟင်းသီးဟင်းရွက်ကိုဆေးခိုင်းခြင်း၊ မျက်နှာသုတ်ပဝါခေါက်ခိုင်းခြင်းစတဲ့လွယ်ကူတဲ့အရာလေးတွေကစပြီး လုပ်ခိုင်းကြည့်ပါ။ ကလေးတွေရဲ့ ကြိုးစားပြီးလုပ်ကြည့်ချင်စိတ်ကို အသိအမှတ်ပြုပေးခြင်းဖြင့် မိမိကိုယ်ကိုယ်ယုံ​​ ကြည်​အားကိုးချင်တဲ့စိတ်ကလေးတွေရှိလာစေပါတယ်။

လွယ်ကူတဲ့အရာတွေကို အဆုံးအထိပြီးဆုံးအောင်လုပ်ဆောင်ပါစေ။

ကလေးတွေအတွက်လွယ်ကူတဲ့အရာလေးတွေကစပြီး ကူညီစေခိုင်းပါ။ အရေးကြီးဆုံးက အလုပ်တစ်ခုပြီးဆုံးအောင်လုပ်ဆောင်ဖို့ပါ။ ကလေးတွေပြုလုပ်နိုင်လောက်တဲ့ အရာလေးတွေကို ကူညီစေခိုင်းပြီး ပြီးဆုံးအောင်လုပ်ဆောင်နိုင်တဲ့အခါ "သားလုပ်နိုင်တာပဲ ""ကူညီပေးလို့ကျေးဇူးပါ" စတဲ့စကားလေးတွေပြောပေးပါ။ ကလေးတွေအတွက် ခက်ခဲတဲ့အရာတွေဆိုရင် မေမေနဲ့က ကလေးကို သင်ယူပေးရင်းအတူတူပြုလုပ်ပေးပါ။

ကိုယ့်အားကိုယ်ကိုးပြီး တာဝန်သိစိတ်ရှိတဲ့ကလေးငယ်အဖြစ်ပြုစုပျိုးထောင်ခြင်း

တစ်ခုခုကို ကူညီပေးချင်တယ်လို့ပြောလာတဲ့အခါမှာ ဆုံးခန်းတိုင်အောင်ပြုလုပ်စေခြင်းဟာ ကလေးငယ်တွေရဲ့တာဝန်သိစိတ်ကိုပြုစုပျိုးထောင်ပေးခြင်းဖြစ်ပါတယ်။ ကလေးတွေဖြစ်လို့ တစ်ခါတစ်လေ ကောင်းစွာမပြုလုပ်နိုင်ပဲ၊ အမှားပါတတ်တာမျိုးတွေရှိတတ်ပါတယ်။ ဒီလိုအခါမျိုးတွေမှာမေမေတို့က စိတ်ဆိုးပြီး မဆူပူပဲ ဖြေရှင်းဖို့နည်းလမ်းကိုသင်ကြားပေးပါ။

ဥပမာ- ပန်ကန်ဆေးကူပေးပြီး ကြမ်းပြင်မှာ ရေတွေကျသွားတဲ့အခါမျိုးမှာ "ရေတွေကျကုန်ပြီ။ဘယ်လိုလုပ်ရင်ကောင်းမလဲ" စတဲ့မေးခွန်းမျိုးမေးကြည့်ပါ။ ကလေးက " မသိဘူး" လို့ ဖြေလာတဲ့အခါ "အဝတ်နဲ့သုတ်ပေးရမယ်" စတာမျိုး ဖြေရှင်းဖို့နည်းလမ်းကိုညွှန်ပြပေးပါ။ ကလေးငယ်တွေကို လွယ်ကူတဲ့ အိမ်အလုပ်တွေကူညီစေခိုင်းခြင်းကနေကိုယ်အားကိုယ်ကိုးပြီး၊ တာဝန်သိစိတ်ရှိတဲ့ သားသားမီးမီးလေးတွေအဖြစ်ပြုစုပျိုးထောင်နိုင်ကြပါစေ။

Previous
Previous

ရွှေဖရုံသီးနှင့်ကလေးဖြည့်စွက်စာပြုလုပ်နည်း

Next
Next

သားဦးကလေး စိတ်ဒဏ်ရာမရစေဖို့