သားဦးကလေး စိတ်ဒဏ်ရာမရစေဖို့

မေမေတို့ရေ....

ဒုတိယရင်သွေးလေးကိုရလာကြတဲ့‌အခါမှာ မေမေတို့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခက်အခဲတွေထဲကမှ တစ်ခုကတော့ သားဦးကလေး စိတ်ဒဏ်ရာမရစေဖို့ဆိုတဲ့အချက်ကလဲ တစ်ခုအပါအဝင်ပါနော်။

ငယ်ရွယ်တဲ့အရွယ်ကလေး‌တွေက မွေးချင်းအသစ်‌ ‌ မွေးတဲ့အချိန်မှာ အဲဒိမွေးချင်းမောင်နှမအပေါ် မှာ မ‌ကျေနပ်သလိုမျိုး မနာလိုသလိုမျိုးစတဲ့ ခံစားချက်ကို အနည်းနဲ့အများခံစားရသည်မှာ သဘာဝဖြစ်ပါတယ်‌နော်။မောင်လေးညီမလေး‌တွေ မွေးလာတဲ့အခါ ကလေးငယ်အနေနဲ့ မိသားစုအတွင်း သူရဲ့အလိုလိုက်ခံရမှု၊ အရေးပေးခံရမှုစတဲ့ အခွင့်အရေးတွေ၊ သူ ရရှိခဲ့တဲ့ ဂရုစိုက်ခံရမှုအချိန်တွေကိုခွဲဝေပေးလိုက်ရတယ်လို့ ခံစားရပြီး မွေးချင်းအသစ်မောင်နှမအပေါ်မှာ မ‌ကျေနပ်တဲ့စိတ်လေးတွေပေါက်ဖွားလာကြတာပါ။

အဲလိုမျိုး သူတို့လေးတွေရဲ့ မကျေနပ်ဖြစ်နေတဲ့စိတ်ခံစားချက်တွေကို သူတို့ရဲ့ ပြုမူတဲ့အမူအရာလေးတွေကိုလည်း ကြည့်ခြင်းဖြင့် နားလည်နိုင်တာမို့ ကျွန်မတို့ ‌မိဘအုပ်ထိန်းသူ‌တွေအနေနဲ့ လျစ်လျူမရှု့ပဲဂရုတစိုက်ဖြေရှင်းမယ့်နည်းလမ်းလေးတွေလည်း လုပ်သင့်ပါတယ်။

ကျွန်မတို့မိဘတွေအနေနဲ့ကတော့ ကလေးအတွက် မောင်နှမသားချင်းအဖော်လေးရစေချင်တဲ့ အတွက် နောက်ကလေးယူတတ်ကြတာများပါတယ်။ ကလေးကိုယ်တိုင်ကလည်း မေမေဗိုက်ထဲက မွေးချင်းအသစ်ကိုချစ်ခင်လိုလားကြပေမယ့် တကယ်‌မွေးဖွားလာတဲ့အချိန်မှာ အနည်းနဲ့အများ မကျေနပ်တဲ့ စိတ်ခံစားရတတ်ပါတယ်။

ဒါကြောင့် သားဦးသားသားမီးမီးလေးတွေ အနေနဲ့ သူတို့ နေရာကို အလုခံရတဲ့ စိတ်မျိုးမ‌ဖြစ်စေပဲ သူတို့ကိုယ်တိုင်ကပဲ မွေးချင်းအသစ်ကလေးအပေါ်ကို ဝိုင်းဝန်းစောင့်ရှောက်ပေးနိုင်တဲ့ အကျင့်လေးတွေဖြစ်စေဖို့ မေမေတို့အနေနဲ့ ဒီလိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းနိုင်ပါတယ်နော်။

ကလေးငယ်ကို ထိတွေ့ခွင့်ပေးပါ

ဒုတိယရင်သွေးလေးမွေးစအချိန်ဟာ မေမေတို့အတွက်အလုပ်အများဆုံးသောအချိန်တွေပါ။ အဲဒိအချိန်တွေမှာ မွေးကင်းစကလေးရဲ့ ဝေယျာဝစ္စများကိုလုပ်က်ိုင်တဲ့နေရာမှာ အကြီးကလေးတတ်နိုင်သည်များကိုပါ ဝန်းဝိုင်းကူညီဖို့ အခွင့်အလမ်းပေးသင့်ပါတယ်။ကလေးကို နောက်ကျောကို အသာအယာ ပွတ်သိပ်နည်း သင်ပေးတာမျိုးတွေကစလို့ ကလေးငယ်ကို ဝိုင်းဝန်းထိန်းကူပေးနိုင်တဲ့အကြောင်းတွေ ပြောပြပြီး ကူညီပေးခြင်းကမည်ကဲ့သို့အထောက်အကူဖြစ်ရကြောင်း ကလေးအကြီးအား ချီးကျူးပေးပါ။

ကလေးများ အတူတကွ ကစားစေသည့် လှုပ်ရှားမှုများကို သတိပြုမိပြီး မြှင့်တင်‌ပေးပါ။

ညီအစ်ကို မောင်နှမများ ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် သုတေသနပြုချက်များအရ ကလေးများက သူတို့ နှစ်သက်သည့် လှုပ်ရှား‌ဆော့ကစားမှုများကို အတူတကွမျှဝေသောအခါတွင် ပိုမိုကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ပြသတတ်ကြပါတယ်။သို့ပေမယ့် ကလေး အသက်အရွယ် သို့မဟုတ် စိတ်ပါဝင်စားမှုကွာဟမှုရှိပါက တူညီတဲ့လှုပ်ရှား‌ဆော့ကစားမှုများကို ပြုလုပ်ရန် ခက်ခဲနိုင်ပါတယ်။ ဥပမာအားဖြင့် အကြီးကလေးက စတိုးဆိုင်လုပ်တမ်းကစားချင်ပြီး အငယ်ကအာကာသယာဉ်မှူးကစားလိုပါက လပေါ်တွင် စတိုးဆိုင်တစ်ခု မေမေတို့ကဖန်တီးပေးလိုက်ရင် အတူတကွပျော်ရွှင်စွာ ဆော့ကစားနိုင်ပြီး မတူညီမှုကြောင့် အချင်းများတာကိုမဖြစ်တော့ပါဘူး။ ဒါကြောင့် နေ့တိုင်း အတူတကွ လုပ်ဆောင်ချက် တစ်ခုကိုပြုလုပ်ဖို့ကို အားပေးရန် ကြိုးစား‌ပေးပါ။

အဆင်မပြေတဲ့အချိန်တွေမှာ စိတ်အပြောင်းအလဲဖြစ်အောင်ပြုလုပ်‌ပေးပါ။

အကယ်၍ ဆော့ကစားချိန်မှာ အချင်းချင်းပြသာနာ ကြုံလာတဲ့အခါ မေမေတို့က ကလေးတွေစိတ်ခံစားချက်ပြောင်းဖို့အတွက် မုန့်အတူတူလုပ်ခြင်း သို့မဟုတ် ကခုန်ခြင်းလိုမျိုး နှစ်ယောက်စလုံး နှစ်သက်မယ့် လှုပ်ရှားမှုတစ်ခုကိုပြုလုပ်ပေးပါ။

ညီအစ်ကို မောင်နှမ အချင်းချင်း ပြုစုပျိုးထောင်ရန် ပံ့ပိုးကူညီပါ။

ကစားနေစဉ် ကလေးတစ်ယောက် ဒဏ်ရာရတဲ့အခါ ကစားတာကို ရပ်ပြီး နာကျင်တဲ့ကလေးကို ပြုစုစောင့်ရှောက်ဖို့ မိသားစုမှာရှိတဲ့ အကြောင်းကိုအလေ့အကျင့်ဖြစ်အောင်လုပ်‌ပေးပါ။

တူညီစွာချစ်တဲ့ အကြောင်းသိအောင် မကြာမကြာပြောပြပေးပါ။

ကလေးများအား "ကောင်းသောညပါ" နှင့် "ချစ်တယ်" စတဲ့ရိုးရှင်းနွေးထွေးတဲ့စကားလုံးများကိုအမြဲပြောပေးပါ။ မိသားစု‌ နွေးထွေးတဲ့ပေါင်းသင်းဆက်ဆံရေးအတွက် ချစ်စရာကောင်းသော အခွင့်အရေးတစ်ခုဖြစ်သည့် အိပ်ရာမဝင်မီ ကလေးငယ်အား ကလေးအကြီးမှ စာဖတ်ပြ‌ပေးတာမျိုးပြုလုပ်‌ပေးပါ။

ကလေးတွေကို ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းအဖြေရှာနိုင်ဖို့ ကူညီပေးပါ။

ပဋိပက္ခဆိုသည်မှာ လူသားဆက်ဆံရေးတိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကလေးငယ်များသည်လည်း ၎င်းတို့၏ပြင်းထန်သော စိတ်ခံစားမှုများကို စီမံခန့်ခွဲရန် သင်ယူနေဆဲအရွယ်ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးတွေ အချင်းချင်း ရန်ဖြစ်၊စကားများတဲ့အချိန်မျိုးတွေကိုလဲကြုံနိုင်ပါမှာမလွဲပါ။ ညီအစ်ကို‌ မောင်နှမအချင်းချင်းကြားက ပဋိပက္ခလေးတွေကို ကျွန်မတို့မိဘများအနေနှင့် ဝေဖန်ပြစ်တင်ခြင်းထက်က‌လေးတို့ရဲ့စကားကိုနားထောင်ပေးရင်း ကလေးငယ်တွေအနေနဲ့ မိမိကိုယ်တိုင် ပြသာနာကို ဖြေရှင်းအနိုင်ယူအောင် လမ်းညွှန်ပေးဖို့လိုအပ်ပါတယ်။

မိဘဖြစ်လာတဲ့အခါမှာ သားသမီးတွေကိုပြုစုပျိုးထောင်ကြရမှာ အခက်အခဲများစွာရှိသော်လည်း ကျွန်မတို့ရဲ့ ရင်သွေးလေးတွေ ကောင်းမွန်တဲ့ စိတ်အနေအထားများနဲ့ ကြီးပြင်းဖို့ရာမှာ မိဘများရဲ့ အခန်းကဏ္ဍကအလွန်အရေးပါလှတဲ့ အတွက် စိတ်ရှည်ပြီး ‌နွေးထွေးတဲ့ ချစ်ခြင်းများဖြင့် ပြုစုပျိုးထောင်ပေးကြဖို့အထူးလိုအပ်ပါတယ်။ မွေးချင်းမောင်နှမ ဆက်ဆံရေးကောင်းမွန်စွာဖြစ်တည်လာတဲ့ကလေးတွေဟာ လူမှုဆက်ဆံရေးမှာ ထူးချွန်တဲ့ ကလေးတွေဖြစ်နိုင်ကြပါတယ်။ဒါကြောင့်..ပိုမိုခိုင်မာသော မွေးချင်း‌မောင်နှမ မေတ္တာနှောင်ကြိုးကို တည်ဆောက်‌ပေးပါ....

ရေးသားသူ- Thae Nu Aung (Mom Content Writer)

Previous
Previous

ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ ကလေးငယ်တွေဖြစ်စေဖို့

Next
Next

ကလေးတွေရဲ့ အသက်အရွယ်လိုက်ဖွံ့ဖြိုးမှုအခြေအနေ