မွေးကင်းစကလေးငယ်တွေ အဆက်မပြတ်ငိုနေရတာ ဘာကြောင့်လဲ?

မွေးကင်းစကလေးငယ်တို့ရဲ့ ခြေလက်များ တဖျပ်ဖျပ်လှုပ်ရှားနေတာလား? ဒါမှမဟုတ် အဆက်မပြတ်ငိုနေခဲ့တာကဘာကြောင့်များလဲ?

မွေးကင်းစကလေးများတွင် ခြေလက်တဖျပ်ဖျပ်ခတ်ကာ လှုပ်ရှားတာကို တွေ့ရတတ်ပါတယ်။ ပုံမှန်ထက် ပိုလှုပ်ရှားနေပြီး ငိုတာ ဒါမှမဟုတ် အိပ်မပျော်တဲ့အချိန်တွေဆို နေမကောင်းလို့များလား တွေးပူရကြရပြန်တယ်မဟုတ်လား မေမေတို့ရေ.. ဒီတခေါက်မှာတော့ မွေးကင်းစကလေးငယ်တွေရဲ့ ခြေလက်တဖျပ်ဖျက်ခတ်ရတဲ့ အကြောင်းအရင်းတွေနဲ့ တုန်ယင်နေတဲ့အခါ သတိထားရမယ့်အချက်တွေကို ပြောပြပေးချင်ပါတယ်။

ခြေလက်တဖျပ်ဖျပ်ခတ်ရတဲ့ အကြောင်းအရင်းကဘာတွေများလဲ?

ကလေးငယ်များ ခြေလက်တဖျပ်ဖျပ်ခတ်ကာ လှုပ်ရှားခြင်းသည် ကြီးထွားဖွံ့ဖြိုးမှု အဆင့်များထဲမှ တစ်ခုဖြစ်ပြီး ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ဒါကြောင့်မို့ အရမ်းကြီး စိတ်မပူသွားနဲ့နော်။ ဒါဆို ဘာကြောင့်များလဲ? ခြေလက်တွေ တုန်ခါရတဲ့အကြောင်းအရင်းများကိုဆက်ပြောပြပေးပါမယ်

● ရာသီဥတု သို့မဟုတ် အခန်းအပူချိန် ပူလွန် အေးလွန်ခြင်း
● လေထိုး လေအောင့်ခြင်း
● ဝမ်းချုပ်ခြင်း
● ကလေးအနှီး သို့မဟုတ် ဒိုင်ဘာ ပေကျံနေခြင်း
● ဗိုက်ဆာနေခြင်း
● နာကျင်ခြင်း
● ချော့မြှူပွေ့ဖက်စေလိုခြင်း
● ယားယံခြင်း
● လက်စုပ်လက်ကိုက်ခြင်းကြောင့် လက်သည်းနှင့်လက်ချောင်းများ နာကျင်ယောင်ရမ်းခြင်းတို့ ဖြစ်တတ်ပါတယ်

ဒါ့အပြင်နို့တိုက်ပြီးတိုင်း လေထုတ်ပေးဖို့ အရေးကြီးပါတယ်နော်။ နို့စို့ရင်း လေတွေမျိုချမိတတ်သောကြောင့်နို့တိုက်ပြီးတိုင်းလေထုတ်လေးပါ။ လေထုတ်ပေးတဲ့အခါ မျက်နှာသုတ်ပုဝါကို မိခင်ရဲ့ ပုခုံးပေါ်တင်ထားပါ။ ထို့နောက်မိခင်၏ပုခုံးနား ကပ်ကာ ကလေးငယ်အား ခပ်မတ်မတ်ချီထားပေးရပါမယ်။ တစ်ခါတစ်ရံ နို့အများကြီးသောက်မိပါက နို့အန်တတ်သောကြောင့် မေမေတို့ရဲ့ပုခုံးပေါ် မျက်နှာသုတ်ပုဝါ တင်ထားဖို့ လိုအပ်ပါတယ်။

အထက်ဖော်ပြပါ လက္ခဏာတွေအပြင်

● အသားအရေဖြူဖျော့လာခြင်း
● ဆက်တိုက်ငိုနေခြင်း
● ကိုယ်ပူခြင်း
● အသက်ရှုမြန်လာခြင်း
● မျက်လုံးနှင့်နှုတ်ခမ်းပြာနှမ်းနေခြင်းစသည့်တို့ ဖြစ်လာပါကနီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားဖို့လိုအပ်ပါတယ်။

ဒါ့အပြင် ကလေးအိပ်သည့်ကုတင်၊ ပုခက်များကို Crib guardများဖြင့် ပြုတ်မကျစေရန် ထားပေးဖို့လိုပါမယ်။ ကလေးအနီးအနားမှာ ခေါင်းအုံး သို့မဟုတ် စောင်ရှိပါက သတိထားကြည့်နေပေးပါနော်။မတော်တဆ ကလေးမျက်နှာပေါ်သို့ ကျရောက်မိခဲ့ရင် ကလေးလေးက ခေါင်းအုံးနှင့်စောင်တို့ကို မဖယ်ရှားနိုင်သေးလို့ပါ။ထပ်ပြီးတော့ မွေးကင်းစကလေးတွေ အဆက်မပြတ်ငိုရတာနှင့်ပတ်သက်ပြီး ဆက်ပြောပြပေးပါမယ်။

ကလေးလေးဆက်တိုက်ငိုနေတာဘာကြောင့်များလဲ?

မွေးကင်းစကလေးတို့မှာ ပြင်ပပတ်ဝန်းကျင်နှင့်ရင်းနှီးစေဖို့ အချိန်လိုအပ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာ ကလေးငယ်ကို သက်တောင့်သက်သာခံစားရနိုင်တဲ့အချိန်က နို့တိုက်ချိန်ပါ။ မေမေပွေ့ဖက်ပြီး နို့စို့ရတဲ့အချိန်က ကလေးငယ်အတွက် ပျော်ရွှင်စရာအချိန်လေးပါ။ ဒါပေမယ့် နို့စို့တဲ့အချိန် အံ့သြစရာကောင်းလောက်အောင်ငိုကြွေးတတ်ကြပါတယ်။

ဘာတွေက ကလေးကို ငိုစေတတ်သလဲ?

နို့ထွက်နည်းတဲ့အချိန် သို့မဟုတ် နို့ထွက်များတဲ့အချိန်၊မေမေနေမကောင်းဖြစ်တဲ့အချိန်များနှင့်မေမေစားသောက်လိုက်တဲ့အစားအစာကြောင့် နို့အရသာပြောင်းလဲသွားတဲ့အခါ ကလေးငယ်က ငိုကြွေးတတ်ပါတယ်။ တကယ်လို့ နို့စို့ချိန်ကျော်လွန်ကာ နို့စို့ဖို့ငြင်းဆန်နေတဲ့အခါ ၊လစဉ်ကိုယ်အလေးချိန် ကျဆင်းတဲ့အခါမျိုးမှာ ကလေးအထူးကုဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

မေမေတို့အနေဖြင့် အထက်ဖော်ပြပါ အကြောင်းအရာများနဲ့ ကလေးငယ်ရဲ့အခြေအနေတွေကို ခွဲခြားသိနိုင်မယ်လို့မျှော်လင့်ရင်း မေတ္တာဖြင့်ပျိုးတဲ့ပန်းလေးတိုင်း လန်းဆန်းကြပါစေရှင်။

ရေးသားသူ - Hnin Oo Yee ( Mom Content Writer)

Previous
Previous

ကလေးတွေအတွက်အရေးကြီးဆုံးမိခင်နို့ရည်ဆိုတဲ့လက်ဆောင်မွန်

Next
Next

တင်းတိပ်ဘာကြောင့်ထွက်တာလဲ ? တင်းတိပ်မထွက်အောင် ဘယ်လိုကာကွယ်ကြမလဲ