ကိုယ်ဝန်ဆောင်ဆီးချိုရှိနေရင် ဘယ်လိုအစားတွေစားသင့်၊ မစားသင့်ဆိုတာ

ကိုယ်ဝန်ဆောင်ဆီးချိုရှိနေရင် ဘာတွေစားသင့်၊ မစားသင့်

ကိုယ်ဝန်ဆောင်ဆီးချို ရှိတယ်လို့ သိလိုက်ရတာနဲ့ ဟိုဟာစားလို့တည့်ပါ့မလား၊ ဒီဟာစားလို့ ဖြစ်ပါမလားလို့ စိုးရိမ်စိတ်တွေဖြစ်နေရမှာပေါ့။ ကလေးလေးကျန်းမာဖို့၊ ထွားဖို့၊ ဉာဏ်ရည်ကောင်းဖို့ လိုအပ်တဲ့ မရှိမဖြစ် အာဟာရတွေအတွက်က ဒီမေမေစားမှ ဖြစ်မှာမို့လေ။

ကလေးရဲ့ဖွံ့ဖြိုးမှု အတွက်၊မေမေနဲ့ကလေး နှစ်ဦးလုံးကျန်းမာရေးအတွက် အာဟာရပြည့်အောင်လည်း စားရမယ်၊ ဆီးချိုသွေးချို မတက်အောင်လည်း သတိထားရမယ်။ ဒီနှစ်ချက်ကြားမှာ ထိန်းညှိနိုင်ဖို့က ဘာတွေစားသင့်လဲ၊ ဘာတွေရှောင်သင့်လဲ သိထားဖို့လိုပါတယ်။

ဘာတွေစားသင့်လဲ

သွေးတွင်းသကြားဓာတ်များနေရင် မေမေ့ကျန်းမာရေး အတွက်ရော၊ ဗိုက်ထဲက ဘေဘီလေးအတွက်ပါ အန္တရာယ်များနိုင်ပါတယ်။ ဒါ့ကြောင့် ကာဗိုဟိုက်ဒရိတ်တွေကို ဘယ်လိုအမျိုးအစား၊ ဘယ်လောက်ပမာဏ၊ ဘယ်နှကြိမ်လောက် စားထားလဲဆိုတာ သေချာမှတ်ထားပါ။ ကိုယ်စားသင့်တဲ့ အတိုင်းအတာတစ်ခု သတ်မှတ်ထားပါ၊ အဲဒါကျော်တာနဲ့ ဆင်ခြင်သင့်ပြီ ဆိုတာ သတိရပါ။

သွေးတွင်းသကြားဓာတ်ထိန်းဖို့ဆိုရင် –

• တစ်ကြိမ်တည်းမှာ အများကြီးမစားပါနဲ့။

• အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားပါ။

• ပရိုတင်း ဒါမှမဟုတ် အကျိုးပြုအဆီဓာတ်ပါဝင်တာတွေစားပါ။

• အစာစားချိန် မှန်အောင် ဂရုစိုက်ပါ။

• မနက်စာကို ပရိုတင်းနဲ့ အမျှင်ဓာတ်များတဲ့ ကာဗိုဟိုက်ဒရိတ်တွေစားပါ။

ဒါတွေစားလို့ရပါတယ် –

• ဂျုံကြမ်းပေါင်မုန့် သို့မဟုတ် ကွေကာ

• ကစီဓာတ် နည်းတဲ့ ဟင်းသီးဟင်းရွက်

• ပဲအမျိုးမျိုး

• မုန်လာဥနီ

• ပန်းသီး၊ လိမ္မော်သီး၊ မက်မွန်သီး၊ သစ်တော်သီး၊ ကဗ္ဗလာသီး

• ပဲတောင့်ရှည်

ဒါတွေအကုန်လုံးကသွေးတွင်းသကြားဓာတ် မတက်စေမယ့် ယေဘုယျအစားအစာအုပ်စုထဲ ပါဝင်တဲ့ ဥပမာတချို့ ဖြစ်ပါတယ်။

ပရိုတင်း ပိုစားပါ

ကာဗိုဟိုက်ဒရိတ်တွေနဲ့အတူ ပရိုတင်းအစားအစာတွေစားတာ ဒါမှမဟုတ် ပရိုတင်းပါတဲ့ကာဗိုဟိုက်ဒရိတ်တွေကိုရွေးချယ်တာမျိုးကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုရှိနေတယ်ဆိုရင် အဆီမပါဘဲ ပရိုတင်းကြွယ်ဝတာတွေစားသင့်ပါတယ်။ ဥပမာ –

• ငါး၊ ကြက်သား

• ကြက်ဥ

• တို့ဖူး၊ ပဲပြား

• ပဲ

• အစေ့အဆန်

မပြည့်ဝဆီကို ရွေးချယ်ပါ

• သံလွင်ဆီ

• မြေပဲဆီ

• ထောပတ်သီး

• အစေ့အဆန်တွေ

• တူနာငါး

• ဆာဒင်းငါး

ရှောင်သင့်တာက

အချိုများတာတွေ

• ကိတ်မုန့်

• သကြားလုံး

• ပူတင်း

• အချိုရည်ဘူး စတဲ့ ဖြည့်စွက်အချိုဓာတ်များတာတွေကိုရှောင်ပါ။ မရှောင်နိုင်ရင် အနည်းအကျဉ်းလေးပဲစားပါ။

ကစီဓာတ်များတာတွေ

ကစီဓာတ်များတဲ့အစားအစာတွေမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများပြီးသွေးတွင်းသကြားဓာတ်ကို သက်ရောက်မှုများပါတယ်။ ဒါ့ကြောင့် ဒီအစားအစာတွေကို အကန့်အသတ်နဲ့ဆင်ခြင်စားသုံးသင့်ပါတယ်။ ဥပမာ –

• အာလူး

• ဂျုံနုပေါင်မုန့်

• ထမင်းတို့ကို အများကြီးမစားမိပါစေနဲ့။

ပါဝင်မှုမသိသာတဲ့ တခြားအစားအစာတွေ

တချို့အစားအစာတွေမှာ သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကိုသေချာမသိနိုင်ပါဘူး။ သူတို့မှာ ကိုယ့်အတွက်မသင့်တော်လောက်တဲ့ ပမာဏတွေပါဝင်နေနိုင်ပါတယ်။ ဥပမာ –

• ပြုပြင်စီမံထားတဲ့ စားစရာတွေ

• ရယ်ဒီမိတ်ဟင်းအနှစ်တွေ၊ဆော့စ်တွေ

• အသင့်ထုပ်ပိုးထားတဲ့စားစရာတွေ

• အသင့်အမြန်စား အစားအစာတွေ

• အရက်၊ ဘီယာ၊ ဝိုင် စတာတွေမှာ ပါဝင်မှုကသွေးတွင်းသကြားဓာတ်ထိန်းညှိနိုင်ဖို့ သိပ်အဆင်မပြေနိုင်ပါဘူး။

ဘယ်လိုဆီးချိုပဲဖြစ်ဖြစ် တူညီတဲ့အချက်တစ်ခုက ဘယ်အစားအစာကိုမှ အပြီးရှောင်စရာမလိုပါဘူး။ အချိုနဲ့ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကို ချင့်ချိန်ပြီး ဉာဏ်ရှိသလို စားသောက်တတ်ရင် အကုန်စားလို့ရပါတယ်။ အရေးကြီးတာက ဘယ်အရာကိုမှ ပမာဏများများ အလွန်အကျွံစားလို့မရတာပါပဲ။

ရေးသားသူ- Yun(Content Writer)


Previous
Previous

Karaage Recipe(ဂျပန်စတိုင် ကြက်သားကြော်)

Next
Next

Homemadeအစားအစာလေးတွေရဲ့ ကောင်းကျိုးများ