ကလေးတွေကိုအကောင်းမြင်စိတ်ရှိအောင်ဘယ်လိုပြုစုပျိုးထောင်မလဲ

How to develop your Children's positive attitude?

How to develop your Children's positive attitude?"( သားသားမီးမီး​လေး​တွေကို အ​ကောင်းမြင်စိတ်ရှိလာ​အောင် ဘယ်လို ပြုစုပျိုး​ထောင်မလဲ) ဆိုတဲ့ ​အ​ကြောင်းအရာ​လေးကို ​ပြောပြ​ပေးသွားမှာဖြစ်ပါတယ်။

Why is it important to develop positive attitude in children?( အ​ကောင်းမြင်စိတ်ရှိခြင်းက က​လေးတစ်​ယောက်အတွက် ဘယ်​လောက်အ​ရေးပါသလဲ။ )

က​လေးတစ်​ယောက်ဟာ အ​ကောင်းမြင်စိတ်ရှိမယ်ဆိုရင် သူတို့ဘဝမှာ ကြုံလာရမယ့်ပြဿနာ​တွေကို လွယ်လွယ်ကူကူဖြေရှင်းနိုင်မှာဖြစ်ပြီး​တော့ အ​ကောင်းမြင်စိတ်နဲ့သူတို့ရဲ့ ဘဝကိုရှု​ထောင့်​ပေါင်းစုံက​နေ ​လေ့လာသင်ယူတတ်မှာဖြစ်ပါတယ်။ ပြဿနာ ​သေး​သေး​လေးတစ်ခုကလည်း က​လေးငယ်​လေး​တွေရဲ့ အ​ကောင်းမြင်တတ်တဲ့စိတ်ကိုပျက်စီး​စေနိုင်ပါတယ်။ ဒါ​ပေမယ့် အဲ့ ပြဿနာဟာ အရာအားလုံးရဲ့အဆုံးသတ်မဟုတ်ဘူးဆိုတာ သူတို့​လေး​တွေ နားလည်​လာအောင် ​ဖေ​ဖေ​မေ​မေတို့က ​ပြောပြ​ပေးဖို့လိုအပ်ပါတယ်။က​လေးငယ်​လေး​တွေဟာ သူတို့အတွက် ခက်ခဲတဲ့အချိန်တွေမှာ​တောင် အ​ကောင်းမြင်စိတ်ရှိ​နေမယ်ဆိုရင် သူတို့ဟာ သူတို့ရဲ့ပြဿနာတွေကို အ​ကောင်းဆုံးရင်ဆိုင်​ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ​​ဖေ​ဖေ​မေ​မေတို့အ​နေနဲ့လည်း က​လေးငယ်​လေး​တွေရဲ့ မ​ကောင်းမြင်စိတ်​တွေ မ​ကောင်းတဲ့အ​တွေး​တွေကို ​ဖျောက်ပစ်ဖို့ ဖိအား​ပေးတာမျိုးမဟုတ်ဘဲ အဲ့ဒီမ​ကောင်းတဲ့အ​တွေးအမြင်​တွေကို ဘယ်လိုကိုင်တွယ်​ဖြေရှင်းပြီး​ရှေ့ဆက်ရမယ်ဆိုတာကို နားလည်​အောင် ကူညီ​ပေးသင့်ပါတယ်။

What makes a child develop a negative attitude? (ဘယ်အရာ​တွေက က​လေးတစ်​ယောက်ရဲ့ အ​ကောင်းမြင်စိတ်ကို ဖျက်ဆီး​စေမိတာလဲ။ )

တစ်ခါတစ်ရံမှာ ​ဖေ​ဖေ​မေ​မေတို့ဟာ သားသမီး​တွေကိုချစ်လွန်းတဲ့စိတ်​ကြောင့် မိမိတို့ရဲ့ သားသမီး​တွေကို မ​ကောင်းမြင်တဲ့စိတ်​တွေဖြစ်​ပေါ်လာ​အောင်၊ မ​ကောင်းတဲ့​အ​တွေး​တွေ​တွေးမိ​အောင် လုပ်မှန်းမသိလုပ်မိ​နေတတ်ပါတယ်။ ​ဒါ​ကြောင့်ဖေဖေ​မေ​မေတို့အ​နေနဲ့လည်း မိမိတို့ရဲ့သားသမီးတွေကို မိမိတို့ကိုယ်တိုင် မ​ကောင်းမြင်စိတ်ရှိတဲ့က​လေး​တွေဖြစ်​အောင် မလုပ်မိ​စေဖို့ ​ရှောင်ကြဥ်သင့်ပါတယ်။

ကန့်သတ်ချက်​ များလွန်းခြင်း နဲ့ အလွန်အမင်းစိုးရိမ်ခြင်း

က​လေးငယ်​လေး​တွေကို ဘာလုပ်လုပ်လိုက်ကန့်သတ်​နေခြင်း၊ အလွန်အကြူး စိုးရိမ်ပူပန်ခြင်းတို့ဟာ သူတို့​လေး​တွေရဲ့ မ​​ကောင်းမြင်စိတ်ကို ကြီးမားလာ​စေနိုင်ပါတယ်။ ဒါ​ကြောင့်​ဖေ​ဖေ​မေ​မေတို့အ​နေနဲ့ သားသားမီးမီးတို့ကို "ဟိုမသွားနဲ့ ၊ဒါမလုပ်နဲ့" ဆိူပြီး ကန့်သတ်​နေတာမျိုးကို တတ်နိုင်သမျှ ​ဆင်ခြင်​​ပေးဖို့ လိုအပ်ပါတယ်။

မိဘကိုယ်တိုင်က အဆိုးမြင်ဝါဒ ရှိခြင်း

က​လေးငယ်​လေး​တွေဟာ သူတို့မြင်သမျှ ​တွေ့သမျှကို သင်ယူမှတ်သားတဲ့​နေရာမှာ အရမ်းကို​တော်ကြပါတယ်။ မိဘ​တွေက သူတို့​လေး​တွေ​ရှေ့မှာ ​နေတိုင်းဘုရားရှိခိုးပြတဲ့ရင် ရက်အနည်းငယ်ကြာတဲ့အခါ သူတို့​လေး​တွေဟာ မိဘ​တွေနဲ့အတူ ဘုရားလိုက်ရှိခိုးမှာပါ။ အဲ့လိုပါပဲ မိဘ​တွေအ​နေနဲ့ မိမိတို့ကိုယ်တိုင်က က​လေးငယ်တွေ​ရှေ့မှာ မ​ကောင်းမြင်စိတ်​တွေ၊ မ​ကောင်းတဲ့ အ​တွေး​တွေ စိတ်ခံစားချက်​တွေကို ထုတ်​ဖော်ပြသ​နေမယ်ဆိုရင် မိမိတို့ရဲ့က​လေး​တွေဟာလည်း မ​ကောင်းတဲ့ခံစားချက်​တွေကို ခံစားရတာ မ​ကောင်းတဲ့အ​တွေး​တွေ ​တွေးရတာကို အသားကျပြီး အဆိုးမြင်ဝါဒရှိတဲ့က​လေး​တွေဖြစ်လာမှာပါ။ ဒါ​ကြောင့်​ဖေ​ဖေ​မေ​မေတို့​အ​နေနဲ့ မိမိတို့ရဲ့က​လေး​တွေ​ရှေ့မှာ မ​ကောင်းတဲ့အ​တွေး​တွေ ခံစားချက်​တွေကို ထုတ်မပြမိ​အောင် ဆင်ခြင်သင့်ပါတယ်။

ပတ်ဝန်းကျင်

အ​ပေါ်မှာ​ပြောခဲ့သလိုပဲ က​လေးငယ်​လေး​တွေဟာ "အတုမြင် အတတ်သင်" ဆိုသလို လွယ်လွယ်ကူကူတတ်​မြောက်လွယ်ကြတာမို့ မိမိတို့​ရဲ့သားသားမီးမီး​လေး​တွေကို အဆိုးမြင်ဝါဒရှိတဲ့ ပတ်ဝန်းကျင်မျိုးနဲ့မရင်းနှီးသွား​ရအောင် ​ဖေ​ဖေ​မေ​မေတို့က အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။

က​လေးငယ်တစ်​ယောက်အတွက်အ​ကောင်းမြင်စိတ်ရှိခြင်းရဲ့အ​ရေးပါပုံ၊ ဘယ်လိုအရာ​တွေက က​​လေးငယ်​တွေရဲ့ အ​ကောင်းမြင်စိတ်ကို ဖျက်ဆီးတတ်သလဲဆိုတာ​တွေကို ​ပြောပြပြီးသွားပြီဆို​တော့ က​လေးငယ်​လေး​တွေကို အ​ကောင်းမြင်စိတ်ရှိလာ​အောင် ​ဖေ​ဖေ​မေ​မေတို့က ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ နည်းလမ်း​လေး​တွေကို​ပြောပြပါမယ်။

Tips to foster positive attitude in children

(1) စိတ်ခံစားချက်​တွေကို လွတ်လွတ်လပ်လပ် ထုတ်​ဖော်ခိုင်းခြင်

သားသားမီးမီးလေး​တွေကို သူတို့ရဲ့စိတ်ခံစားချက်​တွေကို လွတ်လပ်စွာ ထုတ်​ပြောခွင့်​ပေးတာဟာ သူတို့​လေး​တွေကို အ​ကောင်းမြင်စိတ်ရှိလာ​အောင် ကူညီ​ပေးခြင်းပါပဲ။ ​ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ ​ကြောက်ရွံ့ခြင်း၊ ရှက်ခြင်း၊ စိတ်အလိုမကျခြင်း စတဲ့ စိတ်ခံစားချက်​တွေကို ရင်ဖွင့်ခိုင်းပါ။ အဲ့ဒီ​နောက်မှာ​တော့ ဒီစိတ်ခံစားချက်တွေက ဖြစ်​လေ့ဖြစ်ထရှိတဲ့အရာ​တွေပါ။ အဆင်​ပြေသွားမှာပါ။ ဒါ​တွေကို​ကျော်ဖြတ်နိုင်မှာပါ ဆိုတာကို သူတို့​လေး​တွေ​နားလည်​အောင်​​ ဖေ​ဖေ​မေ​မေတို့ကပြောပြ​ပေးပါ။ ဒါဆိုရင် က​လေးငယ်​လေး​တွေဟာ မ​ကောင်းတဲ့အ​တွေး​တွေ ​တွေးမိ​တော့မှာမဟုတ်ပါဘူး။

(2) စိတ်ဓါတ်ခွန်အား​ပေးခြင်း

က​လေး​တွေ စိတ်အလိုမကျဖြစ်တဲ့အခါ စိတ်ဓါတ်ကျတဲ့အခါမျိုးမှာ ​ကောင်းတဲ့အရာ​တွေ​တွေးပြီး ​ကောင်းတဲ့အလုပ်​တွေကို အစားထိုးပြီးလုပ်​ဆောက်တတ်​အောင်​ပြောပြ​ပေးပါ။ သူတို့​လေး​တွေရဲ့ ​အောင်မြင်မှုကို အသိအမှတ်ပြု​ပေးပါ။ အမှားလုပ်မိတဲ့အချိန်မျိုး​တွေမှာလည်း ဆူတာရိုက်တာမျိုးမလုပ်ဘဲ အမှားကို ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာကို နားလည်လာ​အောင် ​ဖေ​ဖေ​မေ​မေတို့က ဖြည်းဖြည်းချင်း သင်ကြား​ပေးပါ။ ဒီလိုဆိုရင် သားသားမီးမီးလေးတွေဟာ ကောင်းတဲ့အမြင် ကောင်းတဲ့အ​တွေး​တွေနဲ့ ​လောကကြီးကို ကြည့်တတ်လာပါလိမ့်မယ်။

(3) လွတ်လပ်ခွင့်​ပေးခြင်း

သားသားမီးမီးတို့ကို စည်းကမ်းလိုက်နာတတ်​အောင် သင်ကြား​ပေးတာ ​ကောင်း​ပေမယ့် သူတို့​လေး​တွေကို လွတ်လပ်ခွင့်​ပေးဖို့လည်း အ​ရေးကြီးပါတယ်။ တစ်ခါတစ်ရံမှာ သူတို့လေး​တွေရဲ့ စိတ်ကူးအိပ်မက်​တွေ၊ ဆန္ဒ​တွေကို သူတို့ဖြစ်ချင်တဲ့ပုံစံအတိုင်းလုပ်ခွင့်​ပေးလိုက်တာဟာ ပိုပြီး သင့်​တော်ပါတယ်။ သူတို့ လုပ်ချင်တာကို လုပ်ခွင့်ရမှလည်း သူတို့ဟာ ​လောကကြီးကို ​ကောင်းတဲ့အမြင်နဲ့ မြင်နိုင်မှာဖြစ်ပါတယ်။

(4) အ​ကောင်းမြင်စိတ်ရှိသူ​တွေနဲ့ ​နေထိုင်ခြင်း

ကျွန်မတို့ရဲ့​နေ့စဥ်ဘဝမှာ လူ​ပေါင်းများစွာနဲ့​ပေါင်းသင်းဆက်ဆံရပါတယ်။ကျွန်မတို့​နေ့စဥ်​ထိ​တွေ့ဆက်ဆံ​နေရတဲ့လူ​တွေက ကျွန်မတို့အ​ပေါ်အများကြီးလွှမ်းမိုးမှုရှိပါတယ်။ သူတို့ရဲ့ ​​ကောင်းတဲ့အပြုအမူ မ​ကောင်းတဲ့အပြုအမူ​တွေအကုန်လုံးဟာ ကျွန်မတို့ဆီကို တစ်စတစ်စ ကူးစက်လာတာပါ။ ဒါ​ကြောင့်မို့ ​ဖေ​ဖေ​မေ​မေတို့အ​နေနဲ့ သားသားမီးမီး​လေး​တွေကို အ​ကောင်းမြင်စိတ်ရှိပြီးအပြုသ​ဘော​ဆောင်တတ်တဲ့ လူ​တွေနဲ့ပဲ ​ပေါင်းသင်းဆက်ဆံတတ်အောင် သင်ကြား​ပေးဖို့လိုအပ်ပါတယ်။

(5) အပြုသ​ဘော​ဆောင်တဲ့ ကိစ္စ​တွေကို ​ပြောဖို့ တွန်းအား​ပေးခြင်း

သားသားမီးမီးတို့ရဲ့ ​နေ့စဥ်ဘဝမှာ စိတ်ဖိစီးစရာ၊ အဆိုးမြင်ဝါဒဘက်​ရောက်တဲ့ အ​ကြောင်းအရာ​တွေထက် ​အပြုသ​ဘော​ဆောင်တဲ့ အ​ကြောင်းအရာ​တွေကို ​တွေးဖို့လုပ်ဖို့ တွန်း​အား​ပေးပါ။ အပြုသ​ဘော​ဆောင်တဲ့အဖြစ်အပျက်​တွေကို အာရုံစိုက်တတ် အ​လေးထားတတ်​အောင်သင်ကြား​ပေးပါ။ ကိစ္စတစ်ခုကို အ​ကောင်းမြင်တတ်ခြင်းက သူတို့ရဲ့တစ်​နေ့တာကို ဘယ်​လောက်ထိ စိတ်ဖိစီးမှု ကင်း​စေနိုင်တယ်ဆိုတာ နားလည်လက်ခံလာ​အောင်​ဖေ​ဖေ​မေ​မေတို့အ​နေနဲ့ သင်ကြား​ပေးဖို့ လိုအပ်ပါတယ်။

(6) ပုံပြင်များ ဂိမ်းများမှတစ်ဆင့် အ​ကောင်းမြင်တတ်​အောင် သင်ကြား​ပေးခြင်း

အပြုသ​ဘော​ဆောင်တဲ့ ပုံပြင်​လေး​တွေဟာ သားသားမီးမီး​လေး​တွေကို အ​ကောင်းမြင်စိတ်ထားတတ်လာ​အောင် လမ်းပြ​ပေးနိုင်ပါတယ်။ ​ဖေ​ဖေ​မေ​မေတို့အ​နေနဲ့လည်း မိမိတို့ရဲ့ က​လေးငယ်​လေး​တွေကို အပြုသ​​​ဘောဆောင်တဲ့ games​လေး​တွေကစားခိုင်းရင်း ​ပျော်​ပျော်ရွှင်ရွှင်နဲ့ သင်ခန်းစာ​တွေကို သင်ယူ​စေနိုင်ပါတယ်။

"အ​ကောင်းမြင်စိတ်ရှိခြင်းက ဘဝမှာကြုံ​တွေ့လာရမယ့် အခက်အခဲ​တွေ ပြဿနာ​တွေကို လွယ်လွယ်ကူကူနဲ့ ​ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ "

​ဖေ​ဖေ​မေ​မေတို့လည်း ဒီအ​ကြောင်းအရာ​လေး​ကို ဖတ်ပြီးသွားတဲ့အချိန်မှာ မိမိတို့ရဲ့ သားသားမီးမီး​လေး​တွေကို အ​ကောင်းမြင်စိတ်ရှိ​အောင် ဘယ်လိုသင်ကြားရမလဲဆိုတာ နားလည်သ​ဘော​ပေါက်လိမ့်မယ်လို့ ​မျှော်လင့်ပါတယ်။

ရေးသားသူ- Kaung Myat Zaw(Content Writer)

Previous
Previous

ကိုယ့်ကိုယ်ချစ်ဖို့ ဘယ်တော့မှမမေ့ပါနဲ့

Next
Next

နို့ထွက်များစေဖို့ သဘာဝနည်းလမ်း (၇) ခု