ကိုယ့်ကိုယ်ချစ်ဖို့ ဘယ်တော့မှမမေ့ပါနဲ့

ကိုယ့်ကိုကိုယ်ချစ်ဖို့ ဘယ်တော့မှမမေ့ပါနဲ့ !!!

အိမ်ထောင်သည်မိခင်ဖြစ်လာကြပြီဆိုရင် မေမေတို့အနေနဲ့ ကိုယ့်ကိုကိုယ်ထက် မိမိရဲ့မိသားစု၊ရင်သွေးလေးအတွက်ကို ဦးစား‌ပေးတတ်ကြပါတယ်။

အိမ်ထောင်သည်မေမေတို့အနေဖြင့် မိမိ မိသားစုအတွက် အကောင်းဆုံး‌တွေကိုပဲ ပြုလုပ်ဖန်တီးပေးလိုချင်သောကြောင့် မိမိတို့အတွက်လိုအပ်ချက်များနှင့် လိုလားချက်များကို ဝမ်းမြောက်စွာ စွန့်လွှတ်လိုက်တတ်ကြပါတယ်။ တစ်ခါတစ်လေမှာ မိမိအတွက်လိုအပ်ချက်များကို မေ့နေတတ်ကြပါတယ်။ အဲဒီစွန့်လွှတ်အနစ်နာခံမှုအထဲမှာမှ မေမေတို့ရဲ့အသွင်အပြင်၊အလှအပ‌ ရေးရာတွေကို ဂရုစိုက်ဖို့လိုအပ်တဲ့အချိန် တွေလည်းပါသွားတတ်ကြပါတယ်။

အသွင်အပြင်သည် အရေးကြီးတဲ့ လှပခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဝတ်စားဆင်ယင်မှုကောင်းခြင်း၊ ကောင်းမွန်သောမိတ်ကပ်နှင့် လှပသောဆံပင်ပုံစံက လှပနိုင်ဖို့အထောက်အကူပြုကူညီပေးသော်လည်း၊ လှပသော၊ဆွဲဆောင်မှုရှိသောသူဖြစ်ရန် မိမိကိုယ်တိုင်က ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ထိုသို့ဂရုစိုက်နေထိုင်ခြင်းအ‌လေ့အကျင့်က မိမိအတွက်သာမက အခြားသူများအတွက်ပါ နှစ်လိုဖွယ်ရာအရာတစ်ခုဖြစ်ပါတယ်။ မိမိကိုယ့်ကိုလဲချစ်ပြီးဂရုစိုက်နိုင်မှ မိမိချစ်တဲ့ မိသားစုတာဝန်တွေကိုကျန်းမာစွာထမ်းဆောင်နိုင်မှာပါ။

မိသားစုတာဝန်တွေ နဲ့ အလုပ်များနေကြတဲ့ မေမေတို့ အနေနဲ့ ဘယ်လိုပဲ အလုပ်များနေပါစေ မိမိကိုယ့်ကိုယ်လဲကျန်းမာပြီးယုံကြည်ချက်အပြည့်နဲ့လှပနေအောင်လို့ ဂရုစိုက်သင့်ပြုမူ‌နေထိုင်သင့်တဲ့အချက်လေးတွေကတော့....

ကျန်းမာခြင်းက သင့်အားပျော်ရွှင်လှပစေခြင်း

ကျန်းမာခြင်းက အရာအားလုံးထပ် နံပါတ်တစ်ဖြစ်တဲ့အတွက် မိမိနဲ့သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှား အားကစားကိုလည်းပြုလုပ်ပေးသင့်ပါတယ်။ ပုံမှန် Gymသွား၍ လေ့ကျင့်ခန်းမလုပ်နိုင်သည့်တိုင်အောင် လမ်းလျှောက်ခြင်း၊ မိမိအိမ်တွင် ယောဂကစားခြင်းစတဲ့ လေ့ကျင့်ခန်းများကိုပြုလုပ်ပေးခြင်းကလည်း ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။


ကောင်းမွန်စွာအိပ်စက်ခြင်း

နေ့စဉ် အနည်းဆုံး ၈ နာရီ အပြည့်အိပ်ရေးဝအောင် အိပ်စက်နိုင်ဖို့က မိခင်တွေအတွက် တကယ့်ကိုမလွယ်ကူတဲ့အရာတစ်ခုပါ။
အိပ်ရေးပျက်တာက ကိုယ်အလေးချိန်ကိုတက်စေပါတယ်။ မျက်လုံးအောက်ရှိ အမဲစက်များနှင့် မျက်ကွင်းညိုတာတွေကြောင့် မေမေတို့ရဲ့ အလှအပတွေနဲ့ မိမိကိုယ်ကို ယုံကြည်မှု‌ တွေကို‌ လျော့ပါးပါတယ်။ကောင်းမွန်စွာအိပ်စက်ခြင်းဟာ မိခင်အများစု မတတ်နိုင်တဲ့ အရာတစ်ခုလို့ သိထားပေမယ့်လည်း အိပ်ရေးဝဝ အိပ်စက်နိုင်ခြင်းက ကျန်းမာရေးနဲ့ အလှအပအတွက် အလွန်အရေးပါတဲ့အတွက် ကောင်းမွန်စွာ အိပ်စက်နိုင်မယ့် အချိန်တစ်ခုကိုကြိုးစားဖန်တီးသင့်ပါတယ်။

အသားအရေကိုပုံမှန်ထိန်းသိမ်းဖို့ လိုအပ်ခြင်း

မိမိရဲ့ အသားအ‌ရေကို ပုံမှန်ထိန်းသိမ်းပေးမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာမှုကို လျော့ပါးစေတဲ့အတွက် မှန်ကန်တဲ့ အသားအရေထိန်းသိမ်းမှုဟာ လည်းအရေးကြီးလှပါတယ်။ ပုံမှန်မျက်နှာဆေးကြောခြင်းနှင့် မျက်နှာသစ်ခြင်းများသည် အိုမင်းရင့်ရော်မှုကို လျော့ပါးစေပြီး အရေးအကြောင်းများကို ကာကွယ်ပေးပါတယ်။အထူးသဖြင့် အိပ်ရာမဝင်ခင်မှာ အဆီပို၊ဖုန် ၊အညစ်အကြေးတွေနဲ့ မိတ်ကပ်တွေကို ဖယ်ရှားဖို့လည်း အသုံးဝင်ပါတယ်။ Beauty Mask များအသုံးပြုခြင်း နှင့် ပုံမှန်မျက်နှာလိမ်းခြင်းများ သည် မေမေတိုရဲ့အသားအရေကို တိုးတက်ကောင်းမွန်စေပြီး သဘာဝအလှကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် နုပျိုလှပချင်ရင်တော့ အသားအရေကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ယခုခေတ်မှာ အသားအရေကို အမြဲစိုပြေစေပြီး ကြမ်းတမ်းသောရာသီဥတုနှင့် ပတ်ဝန်းကျင်အခြေအနေများမှ ကာကွယ်ပေးနိုင်တဲ့ Skin careအမျိုးမျိုးကိုလဲ အလွယ်တကူရနိုင်ပါပြီ။အိမ်ထောင့်တာဝန်တွေကို အချိန်ပြည့်ထမ်းဆောင်နေရတဲ့ မေမေတို့ကလဲ Skin Care Productsတွေသုံးစွဲသုံးစွဲထိုက်သူ‌‌တွေမို့ မိသားစုဝင်ငွေနဲ့ချိန်ဆပြီး သင့်တော်တဲ့ Productsလေးတွေကိုဝယ်ယူဖို့လဲ မနှမြောလိုက်နဲ့နော်။

ကျန်းမာလှပအောင် သင့်တင့်မျှတစွာစားသောက်ခြင်း

မေမေတို့ရဲ့အလှအပကို မြှင့်တင်ပေးမယ့် နည်းလမ်းတွေထဲမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံဟာလည်း တစ်ခုအပါအဝင်ပါ‌။ အသားအရေကြည်လင်လှပဖို့အတွက်ဆိုရင် အပြင်လွှာအသားအရေပြုပြင်ထိန်းသိမ်းခြင်းနှင့်အတူ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရသင့်တင့်မျှတတဲ့ အစားအစာတွေကိုရွေးချယ်စားသုံးဖို့ကလည်း အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့‌နော်။ တန်ဖိုးကြီးမှမဟုတ်ပဲ တန်ဖိုးသင့်ပြီး လတ်ဆတ်ပြီး အာဟာရပြည့်တဲ့ အစားအစာတွေကိုလဲ ရွေးချယ်စားသုံးပေးနိုင်ပါတယ်နော်။

ကိုယ်ဟန်အနေအထား လှပအောင်နေထိုင်ပြုမူခြင်း

"စမတ်ကျကျ မတ်တပ်ရပ်ခြင်း၊သွားလာလှုပ်ရှားခြင်း သို့မဟုတ် ထိုင်ခြင်းစသည့်အချက်‌တွေကလည်း သင့်အားယုံကြည်မှုပိုရှိစေသည်" ဆိုသည့်အတိုင်းကောင်းမွန်တဲ့ ကိုယ်ဟန်အနေအထားက ယုံကြည်မှုကို ဖြစ်စေပါတယ်။တခြားလူတွေကလဲ ပိုအာရုံစိုက်လာစေပါတယ်။ အတိုချုပ်ပြောရလျှင် ကိုယ်ဟန်အနေအထား စမတ်ကျကျလှပအောင်နေထိုင်ခြင်းကလည်း မေမေတို့ကိုပိုပြီးလှပစေနိုင်တယ်နော်။

စိတ်ဖိစီးမှု့များကို အတတ်နိုင်ဆုံးလျှော့ပါ။

ပင်ပန်းခြင်းနှင့် ပူပန်ခြင်းကဲ့သို့ပင်၊ စိတ်ဖိစီးမှုသည် မိခင်တစ်ဦးဖြစ်ခြင်းနှင့်အတူ ဖြစ်တည်လျှက်ရှိပါတယ်။ နေ့စဥ်အချိန်တော်တော်များများမှာ စိတ်မပူ၊စိတ်ဖိစီးမှုမရှိတဲ့ မေမေကို ပြပါဆိုရင် မရှိသလောက်ရှားပါတယ်။စိတ်ဖိစီးမှုသည် မိခင်ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ၎င်းကို လျှော့ချရန် ကြိုးစားရမည်ဖြစ်ပြီး၊ သို့မဟုတ် ၎င်းကို အတတ်နိုင်ဆုံးရှောင်ရှားရင်ပိုကောင်းပါတယ်။ အဘယ်ကြောင့်ဆို‌သော်စိတ်ဖိစီးမှုက မျက်နှာပြင်အရေးအကြောင်းတွေနဲ့ ပိုမိုအိုမင်းစေတဲ့ရုပ်အသွင်ကို ဖြစ်စေတယ်။ ထို့အပြင် စိတ်ဖိစီးမှုသည် ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေတယ်။စိတ်ဖိစီးမှုတွေက သင့်ကို မြန်မြန်ဆန်ဆန် အသက်ကြီးတယ်လိုထင်ရတဲ့ရုပ်ရည်ကိုဖြစ်‌စေပါတယ်။ ငယ်ရွယ်နုပျိုပြီး ကျန်းမာသန်စွမ်းတဲ့ပုံပန်းသဏ္ဍာန်က အလှအပအတွက် ကြီးမားတဲ့တိုးတက်မှုတစ်ခုဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ဆွဲဆောင်မှုရှိတဲ့ပုံစံကို ကြည့်ချင်တယ်ဆိုရင်တော့ ရိုးရှင်းတဲ့ဖြေရှင်းချက် တစ်ခုကတော့ အရမ်းကြီး မိမိစိတ်ကိုမဖိစီးပါနဲ့‌နော်။

မေမေတို့အားလုံးလဲ ပျော်ရွှင်လှပပြီး ကောင်းမွန်တဲ့မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြစေဖို့ ကိုယ့်ကိုကိုယ် ချစ်ဖို့ဘယ်တော့မှမမေ့ကြပါနဲ့နော်..

ရေးသားသူ - Thae Nu Aung( Mom Content Writer)

Previous
Previous

အသားအရည်အတွက် အကောင်းဆုံးအိပ်စက်ချိန်

Next
Next

ကလေးတွေကိုအကောင်းမြင်စိတ်ရှိအောင်ဘယ်လိုပြုစုပျိုးထောင်မလဲ