ဦးနှောက်ဖွံ့ဖြိုး ဉာဏ်ရည်တိုးဖို့ အာဟာရ (၈) မျိုး ကျွေးကြစို့

ဦးနှောက်ဖွံ့ဖြိုး ဉာဏ်ရည်တိုးဖို့ အာဟာရ (၈) မျိုး ကျွေးကြစို့



မေမေတို့ရေ

မေမေတို့ရဲ့ ရင်သွေးလေးတွေကို ဉာဏ်ကောင်းပြီးကျန်းမာတဲ့ ကလေးလေးတွေဖြစ်စေချင်ကြတယ် မဟုတ်လားရှင်။ ကလေးတို့ရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုတယ်လို့ ကြေငြာတဲ့ အားဆေးလေးတွေကို မေမေတို့ အရမ်းစိတ်ဝင်စားကြတာ၊ အချို့ဆေးတွေက ဈေးအရမ်းကြီးလို့ ဝယ်မတိုက်နိုင်တဲ့အခါမျိုးမှာ စိတ်မကောင်းဖြစ်ကြရတာတွေကို တွေ့မြင်နေရပါတယ်။ ဒါကြောင့် ကလေးလေးတို့ ဦးနှောက်ဖွံ့ဖြိုး ဉာဏ်ရည်တိုးစေမယ့် အစားအစာ (၈) မျိုးအကြောင်း ပြောပြချင်ပါတယ်။ အားဆေးကရတဲ့ အာဟာရထက် အစားအစာကရတဲ့ အာဟာရကို ခန္ဓာကိုယ်က ပိုပြီးအလွယ်တကူ စုပ်ယူနိုင်ပါတယ် မေမေတို့ရေ။

၁။ ဆယ်လမွန်ငါး

အိုမီဂါ 3 နဲ့ DHA ကြွယ်ဝစွာပါဝင်တဲ့ ငါးဖြစ်တာကြောင့် ကလေးလေးတွေရဲ့ ဉီးနှောက်ဖွံ့ဖြိုးဖို့ အကောင်းဆုံးငါးပါ။ ဈေးကြီးပြီး ဝယ်ရခက်တဲ့ ငါးဖြစ်တာကြောင့် သူနဲ့ အာဟာရအာနိသင်ချင်း တူညီတဲ့ ထရောက်ငါးနဲ့ ငါးသေတ္တာငါးတို့ကို ကျွေးလို့ရပါတယ်ရှင်။

၂။ ဥအမျိုးမျိုး

Choline လို့ခေါ်တဲ့ အာရုံကြောနဲ့ မှတ်ဉာဏ်ကိုကောင်းမွန်စေပြီး ဦးနှောက်ကိုကျန်းမာစေတဲ့ အာဟာရဓာတ် ပါဝင်တဲ့ ကြက်ဥ၊ ငုံးဥတွေကို နေ့စဉ်ကျွေးပေးပါနော်။

၃။ အဆီပါဝင်မှုနည်းတဲ့ အသား

အမဲသား၊ ဆိတ်သား စတဲ့ အနီရောင်အသားတွေမှာ ဇင့်ဓာတ်နဲ့ သံဓာတ်ကြွယ်ဝစွာပါဝင်ပြီး ဦးနှောက်ဖွံ့ဖြိုးဖို့ ကူညီပေးပါတယ်။ အရသာလည်းရှိတာမို့ ကလေးလေးအကြိုက်ပေါ့။

၄။ နို့နဲ့ နို့ထွက်အစားအစာများ

နွားနို့ကို ကလေးလေးအသက်တစ်နှစ်ပြည့်ပြီးမှ တိုက်ပါနော်။ အဆီပြည့်ဒိန်ချဉ်၊ ချိစ်၊ ထောပတ် စတဲ့ နို့ကရတဲ့ အစားအစာတွေကိုတော့ ကလေးလေး (၆) လ အရွယ်ကစပြီး ကျွေးလို့ရပါပြီ။ ကယ်စီယမ် ကြွယ်ဝစွာ ပါဝင်တာက အရိုးတွေကို သန်မာစေတဲ့အပြင် ဦးနှောက်အတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ အာဟာရလည်းဖြစ်ပါတယ်ရှင်။

၅။ အခွံမာသီးနဲ့ အစေ့အဆန်များ

သီဟိုဠ်စေ့၊ သစ်ကြားသီး၊ မြေပဲဆန် စတဲ့ အစားအစာတွေမှာ ဗီတာမင် အေ၊ ဘီ၊ သံဓာတ်နဲ့ ဇင့်တို့ပါဝင်ပါတယ်။ ဦးနှောက်လေးကျန်းမာဖို့ လိုအပ်တဲ့အာဟာရတွေပါဝင်တာမို့ ဂရုစိုက်ပြီး ကျွေးကြပါစို့နော်။

၆။ Oats နဲ့ ပဲအမျိုးမျိူး

မနက်စာအနေနဲ့ Oats လေးကိုကျိုပြီး နို့နဲ့ရောကျွေးတတ်ကြတဲ့ မေမေတွေအတွက် သတင်းကောင်းပေါ့နော်။ အမျှင်ဓာတ်၊ ကာဘိုဟိုက်ဒြိတ်၊ ဗီတာမင်ဘီအုပ်စုများ ပါဝင်တာကြောင့် ဦးနှောက်အတွက်လိုအပ်တဲ့ ဂလူးကို့စ်နဲ့ စွမ်းအင်ကိုထောက်ပံ့ပေးပြီး မှတ်သားနိုင်စွမ်းကိုလည်း တိုးစေပါတယ်။ ပဲကြီးအပါအဝင် ပဲအမျိုးမျိုးကလည်း Oats လိုပဲ ဦးနှောက်လေးကို ကျန်းမာဖွံ့ဖြိုးစေပါတယ်။ ဒါကြောင့် ပဲအမျိုးမျိုးကိုလည်း ဂရုစိုက်ကျွေးပေးဖို့ လိုအပ်ပါတယ်။

၇။ အရောင်တောက်ပတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံအမျိုးမျိုး

ဟင်းသီးဟင်းရွက်တွေထဲမှာ အစိမ်းရင့်ရောင် ဘရိုကိုလီကတော့ ကလေးတို့အတွက် အကောင်းဆုံးပေါ့။ အရောင်တောက်ပတဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ် ကျွေးပါ။ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီနဲ့ အနီရောင်၊ ခရမ်းရောင် စပျစ်သီးတွေကို သရေစာအနေနဲ့ ကျွေးပေးပါ။ အသီးကျွေးတဲ့အခါ အလုံးလိုက်မကျွေးရပါဘူးနော်။ ကလေးလေး ဆို့နင်ခြင်းမဖြစ်အောင် အစိတ်သေးသေးလေးတွေ လုပ်ပြီးမှ ကျွေးပါရှင်။ Antioxidants တွေကြွယ်ဝစွာပါဝင်လို့ ကလေးတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်လေးကို stress မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၈။ ရေ

ရေမှာ အာဟာရဓာတ်တွေမပါဝင်ပေမယ့် သွေးကြောထဲမှာ သွေးတွေစီးဆင်းနေဖို့၊ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို အောက်ဆီဂျင် ထောက်ပံ့ပေးပို့ဖို့အတွက် ရေကမရှိမဖြစ်ပါ။ ဒါကြောင့်မို့ ရေဓာတ်ပြည့်ဝဖို့ကလည်း အရေးကြီးပါတယ်ရှင်။

ဦးနှောက်လေး ကျန်းမာဖွံ့ဖြိုးစေပြီး ကလေးတို့ကို ဉာဏ်ရည်ထက်မြက်စေမယ့် အာဟာရပြည့် အစားအစာလေးတွေအကြောင်း သိသွားတဲ့အတွက် မေမေတို့ဖတ်ရတာ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်ရှင့်။ မေမေတို့ရဲ့ ကလေးလေးတွေက ဘယ်အစားအစာကို အနှစ်သက်ဆုံးလဲဆိုတာ ပြောပြပေးသွားပါဦးရှင်။

Previous
Previous

အစားအသောက်နဲ့ ကျန်းမာလှပတဲ့အသားအရေရယူကြမယ်

Next
Next

သင့်ရင်​​သွေး​တွေကိုအ​တောင်ပံတပ်လိုက်ပါ