ကာကွယ်ဆေးအကြောင်းသိကောင်းစရာ

ကာကွယ်ဆေးအကြောင်း သိကောင်းစရာ

မေမေတို့ရေ…

ဒီနေ့မှာတော့ ရင်သွေးငယ်တွေ မွေးစကနေ တစ်နှစ်ခွဲထိ ကာလအတွင်းမှာ ထိုးရမယ့် ကာကွယ်ဆေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ရင်သွေးငယ်လေးစတင်မွေးဖွားပြီဆိုတာနဲ့ ကလေးဆရာဝန်က ဆေးတစ်လုံးထိုးပေးပါလိမ့်မယ်။ Vitamin k ဆိုတဲ့ဆေးပါ။ မဖြစ်မနေကို ထိုးပေးတာမို့ မေမေတို့စိတ်ပူစရာမလိုတော့ပါဘူးနော်။ တချို့ဆေးရုံတွေက မွေးထဲက ဘီစီဂျီလို့ခေါ်တဲ့ ဆေးတစ်မျိုး ထပ်ထိုးပေးပါသေးတယ်။ ဒီဆေးကတော့ ခေတ်ကာလအခြေနေအရ ဆေးပြတ်လပ်တာမျိုးဖြစ်တတ်လို့ တကယ်လို့များ မထိုးပေးခဲ့ရင် ကလေး အသက် ၂လ အတွင်းမှာ ထိုးလို့ရပါသေးတယ်။ ဒါကြောင့်ဆေးရုံကဆင်းပြီ ဆိုတာနဲ့ ကလေးဆရာဝန်ကို ဘယ်အချိန်ကစပြီး ဆေးထိုးရမလဲ။ ဘာဆေးက စထိုးရမလဲဆိုတာ မေးခဲ့ဖို့မမေ့ပါနဲ့နော်။

ဘယ်နေရာတွေမှာ ကာကွယ်ဆေးထိုးလို့ရလဲ?

ကာကွယ်ဆေးစထိုးတော့မယ်ဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနမှာ ကာကွယ်ဆေးထိုးဖို့အရင်စုံစမ်းပါ။

ဆေးထိုးရမယ့်နေရာကို ကျန်းမာရေးဝန်ထမ်းတွေက ညွှန်ပြပေးပါလိမ့်မယ်။ တချို့နေရာတွေမှာ ဆေးပြတ်လပ်တာတွေ ရှိလို့ ပုဂလိကဆေးရုံတွေမှာ ဆေးဝယ်ထိုးလို့ရပေမယ့် စျေးနှုန်းကများပါတယ်။ ဒါကြောင့် ကိုယ့်မြို့နယ်မှာမရလဲ ဆက်စပ်ပြီး စုံစမ်းကြည့်ပါ။ ရတဲ့ မြို့နယ်မှာဖြစ်အောင် သွားထိုးဖို့ အကြံပေးချင်ပါတယ်။

ဘယ်အချိန်မှာ စထိုးရမလဲ?

ကလေးအသက် တစ်လပြည့်တာနဲ့ ဆေးထိုးဖို့ စပြီး စုံစမ်းပါတော့နော်မေမေတို့ရေ။ ကျန်းမာရေးဌာနကကလေးအသက်ကို ကြည့်ပြီး ထိုးရမယ့်နေ့ ရက်ချိန်းပြန်ပေးပါလိမ့်မယ်။ ကိုယ့်ဘက်က ကြိုတင် စုံစမ်း စာရင်းပေးထားတာတော့ ပိုတယ်မရှိဘူးပေါ့။

ဘာဆေးတွေ ထိုးပေးမှာလဲ?

ဆေးရုံကပေးမယ့် ဆေးမှတ်တမ်းကတ်ပြားလေးမှာ လအလိုက်ထိုးပေးမယ့် ဆေးအမျိုးအစားတွေ ပါပါတယ် မေမေတို့ရေ။

ဆေးထိုးပြီးရင် ဘယ်လိုတွေကြုံတွေ့ရလဲ?

ဆေးပြင်းရင် ပြင်းသလို ကလေးမအီမသာဖြစ်တာ ဖျားတာ ကြုံတွေ့ရနိုင်ပါတယ်။ စိတ်ပူစရာမလိုပါဘူးနော်မေမေတို့ရေ။ အပူချိန် အရမ်းများလာရင် ထူထဲတဲ့ အဝတ်တွေ မဝတ်ပေးပါနဲ့။ ပါရာစီတမောအရည်ကို သတ်မှတ်အချိန် သတ်မှတ်ထားတဲ့ ပမာဏအတိုင်း တိုက်ပေးပါ။ ဆေးထိုးပေးတဲ့ ဆရာမကို တခါတည်းမေးဖို့လဲ အကြံပြုချင်ပါတယ်။ ဒီဆေးက ဖျားတတ်လား ဆေးကို ဘယ်အချိန်မှာ ဘယ်လောက်တိုက်ရမလဲဆိုတာ တခါတည်းမေးဖို့ မမေ့ပါနဲ့နော်မေမေတို့ရေ။

တချို့ဆေးရုံတွေက တိုက်ရမယ့်ဆေး တခါတည်းပေးလိုက်ပါသေးတယ်။ အဖျား အရမ်းကြီးလာရင် ရေပတ်တိုက်ပေးတာမျိုး ရေချိုးပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ရေချိုးပြီးရင်တော့ ရင်သွေးလေး နွေးနွေးထွေးထွေးဖြစ်အောင် ဂရုစိုက်ပေးပါနော်။ ကိုယ်အပူချိန်ကျစေဖို့ ရေချိုး ရေပတ်တိုက်ရမှာဖြစ်ပေမယ့် အအေးပတ်ပြီး နှာစေးချောင်းဆိုးမဖြစ်အောင် အလွန်အကျွံမလုပ်မိဖိုလဲ ဂရုစိုက်ရပါမယ်။ ဒါမှ မသက်သာပဲ အပူလုံးဝမကျတာ၊ ခြေဖျားလက်ဖျားလေးတွေ အေးလွန်းနေတာမျိုး ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို သွားသင့်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အချက်လေးတွေက ရင်သွေးလေးတွေ ကာကွယ်ဆေးထိုးရာမှာ သိထားသင့်တာလေးတွေဖြစ်လို့ မေမေတို့အတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ရေးသားပေးလိုက်ပါတယ်။

ကျန်းမာထက်မြက်ပြီး ထူးချွန်လိမ်မာတဲ့ ရင်သွေးလေးတွေဖြစ်စေဖို့ ကာကွယ်ဆေးကို မပျက်မကွက်ထိုးပေးပါနော် မေမေတို့ရေ။

ရေးသားသူ- Nann Ni Ni Htun(Mom Content Writer)

Previous
Previous

ကလေးမွေးပြီး Diet စလုပ်နိုင်မယ့်အချိန်

Next
Next

ဘေဘီလေးတွေကို နို့ဖြတ်ဖို့ အကောင်းဆုံးအချိန်၊ နည်းလမ်းတွေနဲ့ ဆောင်ရန်ရှောင်ရန်များ