ကလေးတွေရဲ့ အသက်အရွယ်လိုက်ဖွံ့ဖြိုးမှုအခြေအနေ

မေမေတွေ အနေနဲ့ ကိုယ့်ကလေးက ပုံမှန် ဖွံ့ဖြိုးနေတာ ဟုတ်ရဲ့လား၊ ဖွံ့ဖြိုးမှု နှောင့်နှေးနေသလား ဆိုတာ သေချာတိတိကျကျ သိနိုင်ဖို့အတွက် ကလေးတွေရဲ့ ဖွံ့ဖြိုးမှု အဆင့်တွေကို ကွဲကွဲပြားပြား သိထားဖို့လိုအပ်ပါတယ်။

မိခင်တွေ ဆိုတာ ကလေးကို အနီးကပ် စောင့်ရှောက်ရသူတွေ ဖြစ်တာကြောင့် ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ၊အပြောအဆိုနဲ့ ဉာဏ်ရည်ဉာဏ်သွေး ဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေကို ဂရုတစိုက်လေ့လာနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ တကယ်လို့ ကိုယ့်ရဲ့ကလေးက ဖွံဖြိုးမှုနောက်ကျနေတယ်ဆိုရင် သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုကို ခံယူနိုင်မှာဖြစ်ပါတယ်။ ကလေးတွေရဲ့ ဖွံဖြိုးတိုးတက်မှု အဆင့် (5) ဆင့်ကို ဖော်ပြပေးသွားပါမယ်။

(1) New Born

မွေးပြီးခါစကနေ သုံးလအထိ က‌လေးငယ်တွေကို New Born လို့ သတ်မှတ်ပါတယ်။ မွေးပြီး ပထမ နှစ်လ အရွယ် ကလေးငယ်တွေက ပြင်ပလှုံ့ဆော်မှုတွေကို အလိုအလျောက်တုံ့ပြန်နိုင်ပါတယ်။ ခေါင်းကို ဟိုလှည့်ဒီလှည့် လုပ်နိုင်နေပြီ ဖြစ်တာကြောင့် အသံလာရာဘက်ကို လှည့်ကြည့်တာ၊ အရာဝတ္ထတစ်ခုကို မျက်စိရှေ့မှာ ဟိုဘက်ဒီဘက် ရွှေ့ပြတဲ့အခါ အဲ့အရာဝတ္ထုနောက်ကို မျက်လုံးလိုက်ကစားတာ စတာတွေကို ပြုလုပ်နိုင်ပါတယ်။ လိုချင်တာရှိရင် ဥပမာ- ဗိုက်ဆာတာ၊ ရှူးပေါက်ချထားတာ ၊ ဝမ်းသွားထားတာ စတဲ့အချိန်တွေမှာ ငိုသံပေးမှာ ဖြစ်ပါတယ်။ အသက်(3) လဆိုရင်တော့ ချစ်စရာကောင်းတဲ့ မျက်နှာပေးနဲ့ စပြီး ပြုံးပြလာနိုင်မှာဖြစ်ပါတယ်။

(2) Infant

အသက် 3လ ကနေ 12လ အထိ ကလေးငယ်လေးတွေကို Infant လို့ သတ်မှတ်ပါတယ်။ သုံးလကနေ ခြောက်လ အတွင်းမှာ ကလေးတွေက ရင်းနှီးတဲ့ မြင်ဖူးတဲ့ မျက်နှာတွေကို မှတ်မိစပြုလာပါပြီ။ နောက်ပြီး ခေါင်းတင်မကဘဲ လက်တွေပါ ဟိုရမ်းဒီရမ်း လှုပ်ရှားလာနိုင်မှာ ဖြစ်ပါတယ်။ ခြောက်လကနေ ကိုးလအတွင်းမှာတော့ အကူအညီမပါဘဲ ထိုင်နိုင်တာ၊ သူ့နာမည်ခေါ်သံကြားရင် လှည့်ကြည့်တတ်လာတာ ၊ လက်ခုပ်တီးတာတွေ တာ့တာ ပြတာတွေ စတဲ့ ကိုယ်ဟန်အမူအရာတွေနဲ့ ဆက်သွယ်လို့ ရလာမှာ ဖြစ်ပါတယ်။ ကိုးလကနေ တစ်နှစ်အတွင်း ကလေးတွေကတော့ အရာဝတ္ထုတွေကို ညွှန်ပြနိုင်၊ ကောက်ယူနိုင်တဲ့ အဆင့်ထိ ရောက်လာမှာဖြစ်ပါတယ်။ လေးဖက်ကုန်းသွားမယ်၊ တစ်ခုခုကို ဆွဲပြီး ဇွတ်အတင်း မတ်တပ်ထရပ်တာတွေကိုပါ ပြုလုပ်လာနိုင်မှာဖြစ်ပြီးတော့ အသံနဲ့ ကိုယ်ဟန်အမူအရာတွေကို အတုခိုးပြီး လိုက်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။

(3) Toddler

တစ်နှစ်ကနေ သုံးနှစ်အတွင်း ကလေးငယ်တွေကို Toddler လို့ သတ်မှတ်ထားပါတယ်။ ဒီအဆင့်မှာ ကလေးတွေက မတ်တပ်ကောင်းကောင်းရပ်နိုင်မယ်၊ လမ်းလျှောက်လာနိုင်မယ်။ နောက် တဖြည်းဖြည်း ပြေးတာနဲ့ လှေကားအတက်အဆင်းတွေကိုပါ ပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။ စကားစပြောမယ့် အရွယ်ဖြစ်ပြီးတော့ လူကြီးတွေရဲ့ သင်ပြမှုနဲ့ ပြောဆိုတာတွေကိုအတော်အတန် နားလည်နေမှာ ဖြစ်ပါတယ်။ လက်ချောင်းလေးတွေဖွံ့ဖြိုးမှုအတွက် ခဲတံကိုင်ပြီး စက်ဝိုင်းပုံလေးတွေ လျှောက်ဝိုင်းတာမျိုး သင်ပေးလို့ရပေမယ့် စာရေးသင်ဖို့ မသင့်တော်သေးပါဘူး။

(4) Preschool

အသက် 3 နှစ်ကနေ 5 နှစ်အရွယ် ကလေးတွေကိုတော့ မူကြိုအရွယ် Preschool အဆင့်လို့ သတ်မှတ်ပါတယ်။ ဒီအသက်အရွယ်မှာ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု အနေနဲ့ ဘောလုံးပစ်တာ ၊ ဖမ်းတာ ၊ ကျော်တက်တာ ခုန်တာ စသဖြင့် လှုပ်ရှားမှုတွေကို ပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။ အဝတ်အစားကို ကိုယ့်ဘာသာကိုယ် ဝတ်တတ်ဖို့ စတင်သင်ယူနိုင်မှာဖြစ်ပြီးတော့ Toilet training, Bathroom training စသဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ကိုယ်တိုင်လုပ်နိုင်ဖို့ သင်ယူနိုင်တဲ့ အရွယ်ပဲဖြစ်ပါတယ်။ လက်ချောင်းလေးတွေအတွက် ရောင်စုံခြယ်တာ ၊ ပုံလေးတွေဆွဲတာ တွေကို ပြုလုပ်ခိုင်းလို့ရပေမယ့် စာရေးသင်ရမယ့် အရွယ်တော့ မဟုတ်သေးပါဘူး။

(5) School Age

အသက် 5 နှစ်ကနေ 17 နှစ်ထိ အသက်အရွယ်ကို School Age လို့ သတ်မှတ်ထားပါတယ်။ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုအဆင့်တွေမှာ အချိန်ကာလ အကြာရှည်ဆုံး အဆင့်ဖြစ်ပြီးတော့ ဒီကာလပြီးရင် အရွယ်ရောက်သွားတဲ့ အဆင့်ကို ရောက်မှာဖြစ်လို့ အရေးကြီးဆုံး အဆင့်လဲ ဖြစ်ပါတယ်။ သင်ယူစရာတွေလဲ များပြားပါတယ်။ စကားအပြောအဆို ၊ စာရေးစာဖတ်၊ ကျောင်းပညာရေး စတာ‌တွေအပြင် ချင်ခြင်းမေတ္တာ ၊ မနာလိုဝန်တိုမှု၊ မုန်းတီးမှု စတဲ့ စိတ်ခံစားမှု အမျိုးမျိုးကိုပါ သိရှိခံစားလာနိုင်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်အခြေအနေကို အပြောနဲ့ရော အမူအရာနဲ့ပါ ပြသလာနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး၊ Social Communication တွေ တိုးတက်လာမှာဖြစ်ပြီးတော့ ပျိုဖော်ဝင်လာပြီး နောက်ပိုင်းမှာ ချစ်သူရည်းစားထားဖို့ကိုပါ စိတ်ဝင်စားနိုင်လာပါတယ်။

ဒါကတော့ ပညာရှင်တွေ သတ်မှတ်ထားတဲ့ ကလေးတွေရဲ့ ဖွံဖြိုးမှု အဆင့်တွေဖြစ်ပါတယ်။ နိုင်ငံတကာမှာ အသက် 18 ပြည့်ပြီးရင် အရွယ်ရောက်ပြီလို့ သတ်မှတ်ကြပေမယ့် မြန်မာ့ယဉ်ကျေးမှုအရကတော့ ကိုယ်မွေးထားတဲ့ သားသမီးတွေက မေမေတို့အတွက် အမြဲတမ်း ကလေးတွေပါပဲ။ ဒါပေမယ့် အရမ်းတင်းကြပ်လွန်းအားကြီးပြီး ကလေးရဲ့ ဖွံဖြိုးမှုကို နှောင့်နှေးစေတာမျိုး မဖြစ်ရအောင်လဲ သတိထားပြီး ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်။ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အ‌တွေးအခေါ် ၊ အသိအမြင် နဲ့ လွတ်လပ်မှုတွေကို မိဘတွေအနေနဲ့ ဂရုတစိုက် စနစ်တကျ ပေးနိုင်မှသာ တကယ်ကို ရင့်ကျက်ပြီး အသိအမြင်ကြွယ်ဝတဲ့ လူကြီးလေးတွေ ဖြစ်လာနိုင်မှာပါ။ တကယ်လို့ ကိုယ့်ရဲ့ကလေးက ဖွံ့ဖြိုးမှု နောက်ကျနေတယ်လို့ ခံစားနေရရင်တော့ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ ဆွေး‌နွေးတိုင်ပင်ဖို့ အကြံပြုချင်ပါတယ်။ မေမေတွေအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာနိုင်ကြပါစေရှင်..

ရေးသားသူ - Hla Winn Nwal

Previous
Previous

သားဦးကလေး စိတ်ဒဏ်ရာမရစေဖို့

Next
Next

{You are the best MOM} Vol.10