နွေရာသီကာလဘေဘီလေးတို့မိတ်မပေါက်စေဖို့

ဘေဘီလေးတို့ မိတ်မပေါက်စေဖို့

နွေရာသီကာလမှာ ရာသီဥတု ပူပြင်းမှုကြောင့် လူကြီးတွေထက် အရေပြား ပိုနုတဲ့ ဘေဘီလေးတွေမှာ မိတ်ဖုလေးတွေ ထွက်လေ့ရှိပါတယ်။ မိမိတို့ရဲ့ ကလေး‌လေးတွေ မိတ်ပေါက်မှာကို စိုးရိမ်နေကြတဲ့ မေမေတို့အတွက် ဘေဘီလေးတွေ မိတ်မပေါက်အောင် ကာကွယ်လို့ရမယ့် နေထိုင်နည်းပုံစံတွေကို ပြောပြပေးပါမယ်ရှင်။

တကယ်တော့ မိတ်ဖုထွက်တယ်ဆိုတာက ချွေးဂလင်းလေးတွေ ပိတ်ဆို့တာကြောင့်ဖြစ်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဘေဘီလေးတွေရဲ့ အရေပြားက လူကြီးတွေထက် ချွေးပေါက်ပိုကျဉ်းတာကြောင့် မိတ်ဖု ပိုပြီးထွက်လွယ်နိုင်ပါတယ်။ မိတ်ဖုက တစ်ခါတစ်လေမှာ ယားယံတတ်ပြီး တစ်ခါတစ်လေကျ စူးခနဲ ဖြစ်တတ်တာကြောင့် ဘေဘီလေးတွေရဲ့ စိတ်ထဲမှာ နေရတာ စိတ်မကြည်မသာဖြစ်စေနိုင်ပါတယ်။ ဘေဘီလေးတွေ ကောင်းကောင်းအိပ်မပျော်တာ၊ ငို တာ၊ တအီအီလုပ်နေတာမျိုးတွေကို ဘယ် မေမေမှလဲ မြင်ချင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

အဲ့ဒီတော့ အခုပြောပြမယ့် အချက်လေးတွေကို လိုက်နာပြီး မိတ်ဖု‌ပေါက်တာကို ကာကွယ်လိုက်ကြရအောင်။

☆ အမိုးအကာမရှိတဲ့ နေပူထဲသို့ ကလေးကို ခေါ်သွားခြင်းကို ရှောင်ကြဉ်ပါ။

☆ တကယ်လို့ မဖြစ်မနေ အပြင်ထွက်ဖို့ လိုအပ်လာခဲ့ရင်လဲ ကလေးကို နေရောင်ခြည် တိုက်ရိုက် မထိတွေ့မိစေဖို့ အထူးဂရုစိုက်ပါ။ ဦးထုပ်၊ ထီး ပါ,ပါစေ။

☆ ကလေးကို အေးပြီး လေဝင်လေထွက်ကောင်းတဲ့ ပတ်ဝန်းကျင်မှာပဲထားပါ။ သဘာဝ သစ်ရိပ်ဝါးရိပ်အောက်မှာ ထားနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ တကယ်လို့ တိုက်ခန်းတွေမှာ နေတဲ့သူဆိုရင်လဲ အဲကွန်းနဲ့ ပန်ကာလေကို ကလေးဆီ တိုက်ရိုက်မရာက်အောင် ဦးတည်ချက်လွှဲပြီး အခန်းကို အေးအောင် ပြုလုပ်ပြီး ထားပေးသင့်ပါတယ်။

☆ ခန္ဓာကိုယ်ကို လေဝင်လေထွက် ကောင်းစေဖို့အတွက် ချောင်ချောင်ချိချိ၊ ပွပွပါးပါး၊ နူးညံ့တဲ့ ချည်ထည်လေးတွေကိုသာ ဝတ်ဆင်ပေးပါ။

☆ မိတ်ဖုပေါက်တတ်တဲ့ နေရာတွေဖြစ်တဲ့ လည်ပင်း၊ ပေါင်ကြား၊ ချိုင်းကြား၊ ဗိုက် နဲ့ နောက်ကျောဘက် စတဲ့နေရာတွေကို သေချာသန့်ရှင်းပေးပြီး ခြောက်သွေ့အောင် ထားပါ။

☆ အသက်တစ်နှစ်အောက် ဘေဘီလေးတွေဆိုရင် ရေဓာတ်ပြည့်ဝဖို့အတွက် မိခင်နို့ကို များများတိုက်ပေးပါ။ အသက်တစ်နှစ်အထက် ဘေဘီလေးတွေကိုတော့ တစ်နေ့ တာအတွက် လုံလောက်တဲ့ ရေပမာဏကို တိုက်ပေးဖို့ လိုအပ်ပါတယ်။

☆ ဒိုက်ဘာတွေကို အသုံးမပြုပါနဲ့။

ဒီ အချက်လေးတွေကို လိုက်နာမယ်ဆိုရင် ဘေဘီလေးတွေ မိတ်ပေါက်ဖို့ ရာခိုင်နှုန်း နည်းသွားပြီမို့ မိတ်စူးတဲ့ဒဏ်၊ မိတ်ယားတဲ့ဒဏ်တွေကို ခံရမှာမဟုတ်တော့ပါဘူး‌။ တကယ်လို့ မိတ်ဖုပေါက်ခဲ့တယ် ဆိုရင်လည်း အရမ်းကြီး မစိုးရိမ်ကြပါနဲ့ မေမေတို့ရေ။ အထက်မှာ ပြောခဲ့တဲ့ အချက်လေးတွေကို လိုက်နာပြီး အရေပြားကို လေဝင်လေထွက်ကောင်းအောင်ထားမယ်၊ အေးမြခြောက်သွေ့တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်မယ်ဆိုရင် မိတ်ဖုလေးတွေက သူ့ဘာသာသူ ပျောက်ကင်းသွားမှာပါနော်။

ဂရုစိုက်ရမှာ တစ်ခုက မိတ်ဖုလေးတွေကို မပေါက်စေဖို့ပါ။ ရေချိုးပြီးတဲ့အခါ တဘက်နဲ့ အတင်းပွတ်သုတ်ပေးတာမျိုးတွေကို ရှောင်ကြဉ်‌ပါနော်။ ဘေဘီလေးရဲ့ လက်သည်းလေးတွေကိုလဲ ညှပ်ထားပေးပါ။ မိတ်ယားလို့ကုတ်ရင်းနဲ့ အရေပြားပေါက်ပြဲသွားရင် အနာဖြစ်သွားနိုင်ပါတယ်။

ဆေးတစ်ခုခု လိမ်းချင်တယ်ဆိုရင်လည်း နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပြီးမှ လိမ်းပေးပါ။ ကိုယ့်သဘောနဲ့ကိုယ် လူးဆေးတွေ လျှောက်မလိမ်းပေးပါနဲ့နော် မေမေတို့ရေ။ တကယ်လို့ လိမ်းပေးချင်တယ်ဆိုရင် ဆေးတွေမဟုတ်ဘဲ သနပ်ခါးအရေကျဲလေး လိမ်းပေးလို့ ရပါတယ်။

မိတ်ဖုပေါက်တာက အများကြီး မစိုးရိမ်ရဘူးဆိုပေမယ့် ရက်အတန်ကြာတဲ့ အထိမပျောက်ဘူး၊ မိတ်ဖုအရွယ်အစားက ကြီးမားလာပြီး အခြေအနေဆိုးလာတယ်ဆိုရင် နားလည်တဲ့ ဆရာဝန်တွေဆီမှာ ပြသပြီး ကုသမှုခံယူသင့်ပါတယ်နော်။

မေမေလေးတို့ရော ဘေဘီလေးတွေရော နွေရာသီရဲ့ အပူဒဏ်‌ကို အံတုပြီး စိတ်ရောကိုယ်ပါ အေးချမ်းကြည်လင်နိုင်ကြပါစေရှင်

‌ရေးသားသူ- Hla Winn Nwal

Previous
Previous

အရွယ်တင်နုပျိုချင်တဲ့အမျိုးသမီးများအတွက်

Next
Next

ကလေးတွေဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့အတွက်