အိမ်ထောင်သာယာရေးအတွက် အလေးထားသင့်သော အချက် (၃) ချက်

စိတ်ဖိစီးမှုကင်းဝေး အိမ်ထောင်သာယာရေးအတွက် အလေးထားသင့်သော အချက် (၃) ချက်

မေမေတို့ရေ ချစ်ကြခင်ကြ ရေစက်တွေဆုံကြလို့ လူသန်းချီရှိတဲ့အထဲက နှစ်ဦးသားအိမ်ထောင်ဖက်အဖြစ် ဖူးစာဆုံကြရတာပါ။ အိမ်ထောင်ရေးမသာယာရင် အင်မတန်စိတ်ဖိစီးကြရတာမို့ သာယာပျော်ရွှင်ဖို့ အလေးထားကြပါစို့နော်။ ချစ်ခင်ပျော်ရွှင်​​ကြတဲ့ ​မိဘတွေရဲ့အရိပ်အောက်မှာ ကြီးပြင်းလာကြတဲ့ သားသားမီးမီးလေးတွေက စိတ်လုံခြုံမှုအပြည့်အဝရှိပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အကောင်းမြင်တတ်တဲ့ လူငယ်လေးတွေ ဖြစ်လာကြမှာ အသေအချာပဲ မဟုတ်ပါလား မေမေတို့ရေ။

စိတ်ဖိစီးမှု ကင်းဝေး အိမ်ထောင်သာယာရေး အတွက် မေမေတို့ အလေးထားသင့်တဲ့ အချက်လေးတွေထဲက (၃) ချက်ကို ပြောပြပါရစေရှင်။

(၁) Sexual pleasure ရပါစေ။

မေမေတို့အတွက် ကလေးတစ်ယောက်မွေးရတာ ပင်ပန်းနာကျင်ရသလို ပြုစုစောင့်ရှောက်ဖို့ လေ့လာရတာတွေကလည်း များပြားလှတာမို့စိတ်ဖိစီးကြရပါတယ်။ ကလေးလေးသာ မေမေ့ကမ္ဘာဖြစ်နေပြီး ခင်ပွန်းသည်ကို ဂရုစိုက်ဖို့ မေ့နေတတ်သလို အိပ်ရာထက်က sex ကိစ္စတွေကိုလည်း စိတ်မပါဖြစ်တတ်ကြပါတယ်။ ကလေးလေး ကိုယ်ဝန်ရှိချိန်ကစပြီး မွေးပြီး ၃လ လောက်အထိ no sex ဆိုတဲ့ စုံတွဲတွေ အများကြီး ရှိကြပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေး သာယာပျော်ရွှင်ဖို့အတွက် sexual pleasure ရဖို့ အရေးကြီးတာကို မေ့မထားကြပါနဲ့နော်။ မိမိကိုယ်တိုင်နဲ့ အိမ်ထောင်ဖက်နှစ်ဦးစလုံး သာယာပျော်ရွှင်ဖို့အတွက် ကုတင်ပေါ်က ချစ်ကိစ္စကို အလေးထားပေးဖို့ လိုအပ်ပါတယ်ရှင်။

(၂) အပြန်အလှန် ပြောဆိုတိုင်ပင်ပါ။

အမျိုးသားက သူ့အလုပ်နဲ့သူရှုပ်နေသလို ကိုယ်လည်း ကလေးကိစ္စ၊ ကိုယ့်အလုပ်ကိစ္စတွေနဲ့ရှုပ်နေတာနဲ့ပဲ စကားကို ကောင်းကောင်းမပြောဖြစ်ပါဘူး ဆိုတဲ့ စုံတွဲတွေ များလာပါတယ်။ ခေတ်ရဲ့တောင်းဆိုမှုအရ ဖေဖေရော မေမေပါ အလုပ်လုပ်ကြရတယ် မဟုတ်လား။ အလုပ်က စိတ်ဖိစီးသလို ကလေးလေးကို ပြုစုစောင့်ရှောက်ရတာကလည်း မောတာပါပဲ။ မောမောပန်းပန်းနဲ့ပဲ အိပ်ရာဝင် ကလေးသိပ်ရင်း အိပ်ပျော်သွားကြ၊ တအိပ်ရာထဲ အတူတူအိပ်နေကြပေမယ့် အပြန်အလှန် ပြောဆိုတိုင်ပင်တာတွေ ကိုယ့်အကြောင်း သူ့အကြောင်းပြောပြတာတွေ မရှိတော့ဘူးဆိုရင် အိမ်ထောင်ရေးက တဖြည်းဖြည်း အေးစက်ခြောက်ကပ် လာပါလိမ့်မယ်။ ဒီလိုမဖြစ်စေဖို့ တစ်ဦးနဲ့တစ်ဦး အလေးထား တိုင်ပင်ဆွေးနွေးတတ်တဲ့ ရင်ဖွင့်တတ်တဲ့ အလေ့အကျင့်လေးရအောင် တည်ဆောက်ထားဖို့ အရေးကြီးပါတယ် မေမေတို့ရေ။

(၃) ဘုံသဘောတူညီချက်များ သတ်မှတ်ထားပါ။

မတူညီတဲ့ မိသားစုကပေါက်ဖွားလာကြသူနှစ်ဦးမို့ အတွေးအခေါ် အယူအဆတွေ ကွဲပြားခြားနားတာက အဆန်းမဟုတ်ပါဘူး။ နှစ်ယောက်တည်း ကမ္ဘာ couple ဘဝကနေ ကလေးလေးရလာလို့ မိဘဖြစ်လာချိန်မှာ ကလေးနဲ့ပတ်သတ်ပြီး ဘုံသဘောတူညီချက်တွေရှိဖို့ လိုအပ်လာပါပြီ။ ကလေးကို အချိုများတဲ့ စားစရာတွေ မကျွေးဘူး၊ ကော်ဖီ ၊ လက်ဖက်ရည်မတိုက်ဘူး စတဲ့ အသေးအဖွဲလို့ ထင်ရတဲ့ကိစ္စတွေက စပြီး စကားများရတတ်တာ မေမေတို့ အသိဆုံးပါပဲနော်။

ကလေးအတွက် တသမတ်တည်းဖြစ်တဲ့ စည်းကမ်းတွေ ထားရှိဖို့အတွက် ဘုံသဘောတူညီချက်တွေကို နှစ်ဦးသားအတူတူ တိုင်ပင်ဆွေးနွေးပြီး သတ်မှတ်ထားကြဖို့ တိုက်တွန်းပါရစေ။ ကလေးကို လေဖောင်းမုန့် တစ်ပတ်တစ်ခါ စနေနေ့မှပဲ ကျွေးမယ်လို့ သတ်မှတ်ထားရင် ကြားရက်မှာ လုံးဝမကျွေးတာမျိုး၊ တစ်လမှာ တစ်ခါပဲ အရုပ်အသစ်ဝယ်ပေးမယ်လို့ သဘောတူထားရင် နှစ်ဦးစလုံးက လိုက်နာကြတာမျိုးလေးတွေက အလွန်အရေးပါ ပါတယ်။ ဒီလိုလေး သတ်မှတ်ထားမယ်ဆို နှစ်ဦးသားကြားက ပဋိပက္ခတွေကို လျော့နည်းသွားစေမှာ အသေအချာပါပဲရှင်။

ဒီစာလေးဖတ်ပြီး မေမေတို့အတွက်အကျိုးရှိတယ်ဆိုရင် သူငယ်ချင်းတွေဖတ်ဖို့ mentioned လေးခေါ်ပေးလိုက်ပါဦးနော်။ Sharing is caring

ရေးသားသူ- Khaing Kyu Thinn

Previous
Previous

ပဲပင်ပေါက်ကို ကိုရီးယားစတိုင်လုပ်စားကြမယ်

Next
Next

From Japanese Mom # 4