ကလေးတွေကို သန်ချပေးဖို့လိုလား?

မဂ်လာပါ မေမေတို့ရေ

ဒီနေ့မှာတော့ ကလေးနှင့်သန်ကောင်၊ တုတ်ကောင်လေးတွေအကြောင်းပြောပြပေးသွားမှာပါနော်

ကလေးလေးတွေ မြေကြီးနှင့်ထိတွေ့တာများတဲ့အခါ ၊ အသားငါးတွေကိုသေချာကျက်အောင်မချက်မိပဲစားမိတဲ့အခါ ၊တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတဲ့အခါ၊တိရိစ္ဆာန်လေးတွေနဲ့ထိတွေ့ကိုင်တွယ်ပြီး လက်မဆေးမိတဲ့အခါတွေမှာတော့ သန်ကောင်တုတ်ကောင်လေးတွေကလေးလေးတွေဗိုက်ထဲကိုဝင်သွားတတ်ပါတယ်။ ဖိနပ်မစီးပဲဆော့ကစားမိတဲ့အခါမှာလည်းခြေဖဝါးကနေတစ်ဆင့်သန်ကောင်တုတ်ကောင်လေးတွေဝင်ရောက်နိုင်ပါတယ်

သံကောင်လေးတွေကတော့အကောင်သေးသေးလေးတွေဖြစ်ပြီးကလေးလေးတွေရဲ့ဝမ်းထဲမှာပါလာတတ်ပါတယ်။တုတ်ကောင်လေးကတော့အရွယ်အစားပိုမိုကြီးမားပြီး သန်ပုံမှန်မချမိရင် နှာခေါင်း၊ ပါးစပ်၊ စအို တို့ကနေထွက်လာတတ်ပါတယ်

သံကောင်တုတ်ကောင်လေးတွေရှိနေရင်
- ဗိုက်နာခြင်း
- သံဓာတ်ချို့တဲ့ခြင်း
- အူပိတ်ခြင်း
- ဖွံဖြိုးမှုနှေးကွေးခြင်း
- အစာလမ်းကြောင်းပိတ်ခြင်း
- အစာမချေဖျက်နိုင်ခြင်း
အထူးသဖြင့်ညဘက်တွေမှာ စအိုယားယံခြင်းတို့ ဖြစ်တတ်ပါတယ်။

ဒါကြောင့်အသက်၂နှစ်အရွယ်မှစပြီး သန်ချဆေးပုံမှန်တိုက်ပေးသင့်ပါတယ်။ အသက်၂နှစ်အောက်ကလေးလေးတွေကတော့လိုအပ်မှသာဆရာဝန်ညွှန်ကြားချက်နှင့်သန်ချဆေး တိုက်ပေးသင့်ပါတယ်။ နာနတ်သီးလေး ကျွေးပေးခြင်းကလည်းအထောက်အကူဖြစ်စေပါတယ်။ဆေးတိုက်ရမယ့်အကြိမ်ရေနှင့်အရေအတွက်ကတော့ ကလေးလေးအသက်အရွယ်အလိုက်ကွာခြားမှုရှိတဲ့အတွက် ဆရာဝန်နှင့်တိုင်ပင်ပြီးတိုက်သင့်ပါတယ်။

သန်ချဆေးတိုက်ပြီးဘေးထွက်ဆိုးကျိုးအနေနှင့် ပျို့ခြင်း အန်ခြင်း မအီမသာဖြစ်ခြင်း အနည်းငယ်ဖြစ်တတ်ပါတယ်။
သန်ချဆေးကိုအစာနှင့်ဝေးပြီးတိုက်ပေးသင့်ပါတယ်။ G6PD ပါတဲ့ကလေးလေးများလည်းသန်ချပေးနိုင်ပါတယ်။
ကလေးလေး ဝမ်းချုပ်နေရင် ၊ နေမကောင်းဖြစ်နေရင်တော့ သန်ချဆေးမတိုက်သင့်သေးပါဘူးနော်။

သန်ချဆေးတိုက်ပြီးရင်ရေများများတိုက်ပေးဖို့လိုပါတယ်။အိမ်မှာအတူနေတဲ့ဘိုးဘိုးဘွားဘွားဖေဖေမေမေတို့လည်း အတူ သန်ချဆေးသောက်ပေးသင့်ပါတယ်။ အိပ်ယာခင်း၊ ခြင်ထောင်၊ စောင်တို့ကိုလည်းသေချာလျှော်ဖွတ်မီးပူတိုက်ပြီးအသုံးပြုပေးပါနော်။

ဒီနေ့ပြောပြပေးသွားတဲ့အကြောင်းအရာလေးကမေမေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နော်။ အားလုံးပဲကျန်းမာတဲ့ပျော်ရွှင်တဲ့ မိသားစုဘဝလေးပိုင်ဆိုင်ကြပါစေရှင့်။

Previous
Previous

ကလေးတွေစိတ်ဒဏ်ရာမရအောင်မိခင်တိုင်းသိထားသင့်တဲ့အချက်

Next
Next

Tempura Recipe(ဂျပန်တန်ပူရာလုပ်နည်း)