ကလေးတွေစိတ်ဒဏ်ရာမရအောင်မိခင်တိုင်းသိထားသင့်တဲ့အချက်

ကလေးများနှင့် စိတ်ဒဏ်ရာ

အသက်ကြီးမြင့်လာတာနဲ့အမျှ လူတွေဆီမှာ စိတ်ပင်ပန်း၊စိတ်အားငယ်မူများ ဖြစ်ပေါ်လာတတ်ပါတယ်။ ထိုမှတစ်ဆင့် နောက်ထပ်တစ်ခုကတော့ စိတ်ဒဏ်ရာလို့ ခေါ်တဲ့ Trauma တစ်မျိုးဖြစ်ပါတယ်။ စီးပွားရေး၊ လူမူရေး စသည့်အလုံးစုံကိစ္စတွေ ရှုပ်ယှက်ခတ်နေတဲ့ ပြသာနာပေါင်းသောင်းခြောက်ထောင်ကို ကြုံတွေ့နေရတဲ့ လူကြီးတွေမှာပဲ စိတ်ဒဏ်ရာ ဆိုတာ ရှိတာမဟုတ်ဘဲ နုနယ်သေးတဲ့ ကလေးတွေဆီမှာလည်း စိတ်ဒဏ်ရာဆိုတာ ဖြစ်နိုင်ပါတယ်။

အမြဲမြင်တွေ့ မှီခို အားကိုးနေကျ မိဘဆီကနေ ထွက်ကျလာတဲ့ မမျှော်လင့်တဲ့စကားတစ်ခွန်းနဲ့တင် ကလေးတွေမှာ စိတ်ဒဏ်ရာ ဖြစ်တည်စေနိုင်ပါတယ်။ " မေမေက သားကိုမချစ်ဘူး " ၊ " ဖေဖေက သားကို မချစ်တော့တာလားဟင်"လို့ မေးလာပြီ ဆိုရင်တော့ မိဘတွေအနေနဲ့ တကယ်ဂရုစိုက်ဖို့ လိုလာပါပြီ။ ကလေးတွေဟာ ဖြူစင်ရိုးသားသလောက် သူတို့နားမလည်တဲ့အရာတွေဆိုရင်လည်း ပွင့်ပွင့်လင်းလင်းမေးမြန်းတတ်ကြတာကိုမမေ့ပါနဲ့ ။

( ၁) ဆွေးနွေးပါ

ကလေးတွေဟာ ငယ်သေးတာကြောင့် မသိတာတွေအများကြီးပါပဲ ။ ထို့ကြောင့် ကလေးတွေ​မေးခွန်းမေးတဲ့အချိန် ကောင်းကောင်းမွန်မွန် ပြန်လည်ဖြေကြားပေးသင့်သလို သူတို့လိုချင်တဲ့အဖြေထိရအောင် စိတ်ရှည်စွာဂရုတစိုက်ဆွေးနွေးပေး သင့်ပါတယ်။ ကလေးတွေ ပွင့်ပွင့်လင်းလင်းမေးမြန်းတဲ့အချိန်ကို လက်လွတ်မခံပါနဲ့ ၊ ဂရုမစိုက်မလုပ်ကြပါနဲ့ ။ ကလေးတွေကို သေချာအဖြေမပေးခြင်းနှင့် ဆွေးနွေးပေးမူမရှိခြင်းဟာ အနာဂတ်မှာ များစွာသက်ရောက်မူဖြစ်နိုင်ပါတယ်။ငယ်ငယ်က သွက်သွက်လက်လက်ချက်ချာလွန်းတဲ့ ကလေးတစ်ယောက်ဟာ အရွယ်ရောက်လာတာနဲ့အမျှ မြုံစိစိဖြစ်လာတယ်၊ ဘာကိုမှ မပြောပြတတ်ဘူးဆိုတဲ့အကြောင်းအရာတွေက ငယ်စဥ်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့ဆိုင်ပါတယ်။

( ၂ ) စုံစမ်းပါ

အမှားလုပ်မိရင်တောင် အရင်ဆုံးဆူပူရိုက်နှက်လိုက်ရမည့်အစား အကြောင်းအရင်းကို သေချာစွာမေးမြန်းစုံစမ်းပြီးမှ အကျိုးသင့်အကြောင်းသင့် ပြောပြဆုံးမ သင့်ပါတယ်။

( ၃ ) ရှောင်ရှားပါ

ကလေးရှေ့မှာ မိဘနှစ်ပါးရန်ဖြစ်ခြင်းကို တတ်နိုင်သလောက်ရှောင်ပါ ။ ဒီအကြောင်းကိုတော့ မိဘတိုင်းသိကြပါတယ်။ ကလေးရှေ့မှာ ရန်မဖြစ်သင့်ဘူးဆိုတာ သိပါရက်နဲ့ အချို့မိဘတွေမှာ မရှောင်နိုင်ဘဲ ပြသာနာကိုသိလိုဇော ဖြေရှင်းလိုဇောဖြင့် ရန်ကိုအစပြုတတ်ပါတယ်။ ရန်ဖြစ်ရုံတင်ဆို တော်သေးပေမဲ့ ထိုမှနောက်တစ်ဆင့်ဖြစ်သည့် ကိုယ်ထိလက်ရောက် ဖြစ်ပေါ်လာမူများကလည်း ကလေးတွေရှေ့မဖြစ်သင့်တဲ့ အပြုအမူတစ်မျိုးပါ ။ အကယ်၍ မဖြစ်မနေရှင်းလင်းရမည့် ကိစ္စမျိုးဆိုလျှင်လည်း ကလေးရဲ့ကွယ်ရာမှာ အေးအေးတိတ်တိတ်ဖြေရှင်းသင့်ပါတယ်။ ကလေးတွေက သုံး လေးနှစ်သားအရွယ်မှာတင် ကောင်းကောင်းနားလည်နေနိုင်ပြီဖြစ်တာကြောင့် မိဘများအနေဖြင့်ကလေးရှေ့တွင်အပြုအမူဆင်ခြင်သင့်ပါတယ်။

( ၄) နွေးထွေးပါ

ချစ်ကြောင်းပြောပါ။ ကလေးတွေကိုနွေးထွေးပါ ။ စိတ်နဲ့ရော ခန္တာကိုယ်နဲ့ပါ တကယ်ချစ်ကြောင်း ခဏခဏပြောပြပါ။ ပြင်ပ ဒဏ်ရာဟာပျောက်ကင်းစေရန် ကုသဖို့လမ်းကို မိဘတိုင်းသိပေမဲ့ ကလေးရဲ့စိတ်အတွင်းဒဏ်ရာကိုတော့ မိဘတိုင်းမမြင်နိုင်ပါ ။ မေးပါ၊ဆွေးနွေးပါ၊ ချစ်ကြောင်းပြောပါ။

(၅) သာတူညီမျှ ဆက်ဆံပေးပါ

အချို့သောမေမေတွေဟာ ကလေးအငယ်တစ်ယောက်ထပ်ရှိလာရင် အကြီးကို ဂရုစိုက်မူတွေပေါ့သွားတတ်ပါတယ်။ အကြီးလေးကိုဂရုစိုက်မူ ပေါ့သွားရင်တောင်မှ အငယ်လေးကို လေးလေးသာသာ ဆက်ဆံမိရင်တောင်မှ အကြီးလေးကို ဒီအတိုင်းမလွှတ်ထားပါနဲ့။နားလည်အောင် ပြောပြပေးပါ။ အကြီးလေးကိုလည်း တစ်မျိုးဂရုစိုက်ပေးပါ ။ မိသားစုအတွင် သာတူညီမျှမူမရှိခြင်းက အကြီးဆုံးကလေးရဲ့စိတ်ကို ထိခိုက်မူရှိစေနိုင်ပါတယ်။

( ၆) ဝန်မပိပါစေနှင့်

အချို့သောမိသားစုများတွင် မြင်နေရသည့် ပြသာနာတစ်ခုသည်ကား ကလေးများကို သားဆက်ခြားနည်းမကျင့်သုံးဘဲ ရှေ့တစ်ယောက်နောက်တစ်ယောက် အချိန်မကွာဘဲ မွေးလိုက်ခြင်းဖြစ်ပါသည်။ မလွှဲသာမရှောင်သာအခြေအနေကြောင့် သားဆက်ခြားနည်းကို အသုံးမပြုနိုင်တာလည်း ဖြစ်သလို ထိုအကြောင်းကို သေချာစွာမသိသေးတာလည်းဖြစ်နိုင်၏။ ထိုသို့သော မိသားစုများတွင်တွေ့ရသည်များမှာ အငယ်လေးရဲ့ ဝေယျာဝစ္စနှင့် ထိန်းကျောင်းမူကို အကြီးဆုံးကလေးဆီသို့လွှဲပစ်လိုက်ခြင်းဖြစ်သည်။ အကြီးဆုံးကလေးသည် ထိန်းကျောင်းခံရမည့်အရွယ်ဖြစ်သော်လည်း ထိုကလေးသည် အငယ်ဆုံးကလေးကို ထိန်းကျောင်းပေးနေရသည်။ ဒါဟာသိပ်မဆိုးသေး ။ ပိုဆိုးသည်က အငယ်ဆုံးကလေး၏ ပြသာနာများနှင့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိမူများကို အကြီးဆုံးကလေး၏ အပြစ်ဟုဆိုကာ ခေါင်းပုံချလိုက်ခြင်းဖြစ်သည်။ဆူခြင်းပြောဆိုခြင်းများသာမက အချို့မိဘများသည် ဒေါသအရ လက်ရောက်ထိရိုက်မူများပါ ပြုလုပ်တတ်ကြပြန်သည်။ ယခုအပိုဒ်သည် အပေါ်အပိုဒ်၅ နှင့်ဆက်စပ်မူရှိနေ၏။ သာတူညီမျှစွာဆက်ဆံမခံရခြင်းနှင့် အရွယ်နဲ့မလိုက်အောင် ဝန်ကိုထမ်းရခြင်းသည် ကလေးရဲ့စိတ်ကျန်းမာရေးအခြေအနေအားထိခိုက်စေ၏။

ကလေးကငယ်သေးတာပဲ အခုဖြစ်တာကို ကြီးရင် မှတ်မိတော့မှာမဟုတ်ဘူးဆိုပြီး လွယ်လွယ်လည်းမတွေးကြပါနဲ့။ စိတ်ဒဏ်ရာဟာ နက်နဲပါတယ်။ ကြာလျှင်ကြာသလောက် အမာရွတ်ထင်ပါတယ်။ ကလေးဟာ ငယ်ဘဝက အကြောင်းအလုံးစုံမမှတ်မိနိုင်ရင်တောင်မှ သူ့ကိုစိတ်ဒဏ်ရာဖြစ်စေတဲ့အကြောင်းကိုဖြင့် မမှတ်မိချင်အောင် စွဲနေမှာပါ။ ကလေးတွေဟာ နုနယ်ပါတယ်၊ ဒဏ်ရာရလွယ်တယ်။ ခန္တာကိုယ်ဒဏ်ရာလည်း အလွယ်တကူရနိုင်သလို စိတ်ဟာလည်း အလွယ်တကူ ဒဏ်ရာရနိုင်ပါတယ်။ ကမ္ဘာကျော်ရာဇဝတ်သား တချို့ရဲ့ နောက်ခံသမိုင်းကြောင်းကို ပြန်လှန်ကြည့်လျှင် ငယ်စဥ်ကစိတ်ဒဏ်ရာတွေ​ကြောင့် ၊ သို့မဟုတ် ငယ်စဥ်က ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် စိတ်ကိုထိခိုက်မူဖြစ်စေခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။ ကလေးတွေရဲ့ ခန္တာကိုယ်သာမက စိတ်ကျန်းမာရေးကိုပါ ငယ်စဥ်ကတည်းက ဂရုတစိုက် စောင့်ရှောက်ပေးကြပါစို့။ ကလေးများက သိပ်ကိုနုနယ်သဖြင့် ဂရုစိုက်ပေးကြပါ။

ရေးသားသူ- ဒေါ်ခိုင်သန္တာမင်းမင်းဦး

Previous
Previous

From Japan Mom #1

Next
Next

ကလေးတွေကို သန်ချပေးဖို့လိုလား?