အသီးအရွက်မကြိုက်တဲ့ကလေးတွေအတွက် နည်းကောင်းများ

ကလေးနှင့်အစားဂျီးများခြင်း

မေမေတို့ရေ မင်္ဂလာပါရှင့်။ဒီနေ့မှာတော့ မေမေတို့အတွက် အစာအာဟာရနဲ့ပတ်သက်တဲ့အကြောင်းလေးမျှဝေပေးချင်ပါတယ်။
သားသားမီးမီးတို့ရဲ့ဉာဏ်ရည်နဲ့ခန္တာကိုယ် ကောင်းကောင်းမွန်မွန်ကြီးထွားဖွံ့ဖြိုးလာဖို့လိုအပ်တဲ့အရာတွေထဲမှာတော့ အစားအစာဟာအဓိက အရေးအကြီးဆုံးဖြစ်ကြောင်းကိုမေမေတို့ သိထားပြီးသားဖြစ်မှာပါ။ ကလေးတစ်ယောက်ဟာ ငါးနှစ်အရွယ်မှာ စတင်ဖွံ့ဖြိုးပါတယ်။ထို့ကြောင့်ကလေးတွေကိုငယ်ကတည်းက အစာအာဟာရလုံလောက်အောင် မေမေတို့က ကျွေးကြပါတယ်။မေမေတို့ဟာ သားသားမီးမီများကို အစာအာဟာရလုံလောက်မျှတစွာ ဂရုတစိုက်ကျွေးပါသော်လည်း မေမေအများစု အခက်ကြုံလေ့ရှိတဲ့ကိစ္စတစ်ခုရှိပါတယ်။ အဲ့ပြသာနာဟာဆိုရင်ဖြင့် အစားဂျီးများခြင်းပါ ။

အသီးအရွက်မစားတဲ့ကလေးတွေ ၊ငါးမစားတဲ့ကလေးတွေ၊ အစားဂျီးများတဲ့ကလေးတွေဟာ မေမေတို့ရဲ့ကလေးများထဲမှာ မပါမဖြစ်တစ်ယောက်တော့ ပါကိုပါမှာပါ။ ဒီနေ့မှာတော့ မေမေတို့ရဲ့ဒီကလေးအစားဂျီးများတဲ့ပြသာနာလေးတွေထဲကမှ အသီးအရွက်စားဖို့ဂျီးများတတ်တဲ့ကလေးတွေရဲ့ပြသာနာကိုဖြေရှင်းလို့ရမဲ့ Tip လေးတွေကို ဝေမျှပေးလိုက်ပါမယ်နော် ။

( ၁ ) သေချာလေးရှင်းပြပါ။

ဥပမာ - သားသားဟာ ဒီ့ထက်ပိုပြီးကျန်းမာချင်ရင် အသီးအရွက်ကိုစားပေးရမယ်။အသီးအရွက်တွေဟာ ခန္တာကိုယ်အတွက်ကောင်းသလို အသားအရည်လည်းလှတယ်။ နေမကောင်းမဖြစ်အောင်လည်း ကာကွယ်ပေးတယ်။ အစရှိသဖြင့်နားလည်လွယ်အောင်ရှင်းပြပေးသင့်ပါတယ်။ အစာအာဟာရအုပ်စုအကြောင်း ပုံလေးတွေနဲ့တကွ ကလေးတွေနားလည်အောင်ရှင်းပြပေးထားတဲ့ ပိုစတာလေးတွေကိုလည်း ကလေးမြင်တဲ့နေရာမှာကပ်ထားပေးပါ ။ အသီးအရွက်စားချင်စိတ် ဖြစ်လာဖို့ထက် အသီးအရွက်ပေါ် စိတ်ဝင်စားလာအောင်လုပ်ပေးပါ။ ဘာကြောင့်များ ဒီအသီးအရွက်တွေက ခန္တာကိုယ်အတွက်ကောင်းရသလဲဆိုတဲ့အကြောင်းကို သိချင်အောင်လုပ်ပါ ။

( ၂ )အတင်းအကြပ်မတိုက်တွန်းပါနဲ့ ။

ကလေးတွေကို ကျန်းမာရေးကောင်းစေချင်တာကြောင့် အသီးအရွက်စားခိုင်းစေတဲ့မေမေတို့ရဲ့ဆန္ဒကိုသိပါသော်လည်း အသီးအရွက်ကို အတင်းအကြပ်စားခိုင်းစေခြင်းမှာ ကလေးတွေကို အသီးအရွက်အပေါ် ရွံမုန်းမူကိုဖြစ်ပေါ်စေပါတယ်။မယုံမရှိပါနဲ့ ၊ ကလေးဟာငယ်စဥ်ကတည်းကနေ အသက်ကြီးတဲ့အချိိန်ထိ အသီးအရွက်ကို ခါးခါးသီးသီးငြင်းဆန်နေပါလိမ့်မယ်။အသီးအရွက်တွေရဲ့အကြောင်းကိုသေချာလေးရှင်းပြပေးပါ။သို့သော် စားဖို့အတင်းအကြပ်မတိုက်တွန်းပါနဲ့။

( ၃ ) နေရာယူပါ ။

ထမင်းစားပွဲဝိုင်းတွင် ရိုးရိုးအသီးအရွက်ဟင်းတစ်ခွက်နေရာဝင်ယူလိုက်သည့်အစား ကလေးကြိုက်သည့် တစ်ခုခုနှင့်အသီးအရွက်ကိုရောထားသည့်ဟင်းကိုသာ နေရာယူပါစေ။ ဥပမာ- ကြက်ဥကြော်ကြိုက်တဲ့ကလေးအတွက် ပဲသီးနဲ့ကြက်ဥ ရောကြော်ပေးထားတဲ့ဟင်းတစ်ခွက်ဖြစ်ဖြစ်ပေါ့။ ဒီဟင်းခွက်တွေကို နေ့စဥ်ထမင်းစားပွဲဝိုင်းမှာ တွေ့လာတာနဲ့အမျှ ကလေးတွေက တစ်ဇွန်းဖြစ်ဖြစ် စားချင်စိတ်ပေါ်လာမှာပါ။ မေမေတွေဘက်ကလည်း ကလေးအကြိုက်ကို သေချာသိပြီး တာဝန်ကျေဖို့တော့လိုတာပေါ့။ ဒီလိုနဲ့ တစ်ဇွန်းကနေ နှစ်ဇွန်း၊ သုံးဇွန်း၊လေးဇွန်း အစရှိသဖြင့် မြင့်မြင့်လာမှာပါ။အချိန်ယူပါ၊စိတ်ရှည်ပါ၊ ဒါမှသာ ကြီးတဲ့အထိ အသီးအရွက်စားသည့်အကျင့်က ကလေးရဲ့ ကိုယ်၌စွဲသွားမည်ဖြစ်သည်။

( ၄ ) အာဟာရဖြည့်စွက်စာများ ။

ကလေးတွေအတွက်လိုအပ်တဲ့ Vitamin အချိုးအဆတိကျစွာပါသော အားဆေးများသည်လည်း ကလေးများအတွက် လိုအပ်တဲ့အာဟာရကိုဖြည့်စွက်ပေးပါတယ်။ ကလေးတွေအကြိုက် ချိုချိုချဥ်ချဥ်အရသာများကြောင့် အသီးအရွက်အရသာထက် ကလေးတွေ ပိုပြီးသဘောကျတတ်ကြတယ်။ဒါ့အပြင် အားဆေးတစ်လုံးမှာ အသီးအရွက်မှာပါတဲ့အာဟာရတင်မက အခြားရှိသင့်ရှိထိုက်တဲ့အာဟာရတွေပါ ပါဝင်နေသလို အသက်အရွယ်အလိုက်သောက်သုံးနိုင်တဲ့အားဆေးတွေကိုလည်း ထုတ်လုပ်ထားတာကြောင့် မေမေတို့အနေနဲ့ သေချာမေးမြန်ပြီး ကလေးတွေကိုတိုက်နိုင်ပါတယ်။

မေမေတို့ရေ ဒီနေ့မှာတော့ အသီးအရွက်မကြိုက်တတ်တဲ့ကလေးလေးတွေအတွက် နည်းကောင်းလေးများကိုပြောပြပြီးသွားပါပြီ။ အကယ်၍ မေမေတို့အိမ်မှာလည်းအစားဂျီးများတဲ့ကလေးလေးတစ်ယောက်ရှိနေပြီဆိုရင်တော့မေမေတို့အနေနဲ့ အခုပြောပြလိုက်တဲ့နည်းလေးတွေကို လိုက်လုပ်ကြည့်ဖို့အကြံပြုလိုက်ပါတယ်နော်။

မေမေတို့နှင့်တကွသားသားမီးမီးများအားလုံးကျန်းမာပျော်ရွင်ကြပါစေလို့မျှော်လင့်ရင်း

ရေးသားသူ- ဒေါ်ခိုင်သန္တာမင်းမင်းဦး

Previous
Previous

သားသားမီးမီးလေးတွေအတွက် ဂျပန်စတိုင်ထမင်းဗူးလုပ်နည်း

Next
Next

အကြောပြတ်ရာတွေနဲ့ အသားအရေလျော့တွဲခြင်းကိုကာကွယ်ကုသနည်း