သားသားမီးမီးလေးတွေအတွက် ဂျပန်စတိုင်ထမင်းဗူးလုပ်နည်း

မဂ်လာပါမေမေတို့ရေ..

ဒီနေ့မှာတော့ မေမေတို့ရဲ့ သားသားမီးမီးလေးတွေမူကြိုထမင်းဘူး ထည့်ဖို့အတွက် လွယ်ကူပြီး ချစ်စရာကောင်းတဲ့ ဂျပန်စတိုင်ထမင်းဗူးလုပ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ထမင်းဆုပ်ထဲမှာ တူနာနဲ့ မရောနိစ်နည်ထားတာကိုထည့်ပြီး နှစ်သက်ရာ အဝိုင်း၊ တြိဂံ ပုံသွင်းပေးပြီး ရေညှိလေးပတ်ပေးပါ။

၂။ ကြက်ဥကို သကြားနှင့် ဆားအနည်းငယ်ထည့်မွှေပေးပြီး လေးထောင့်အိုးမှာ ထည့်ပြီးကြက်ဥအရည်ကို တစ်ထပ်ချင်းစီလောင်းထည့်ပြီးလိပ်ပေးပါမယ်။

၃။ မုန်လာဥနီကို မထူမပါးလှီးပြီး အိုးထဲမှာ ဆား၊ ကြက်သားမှုန့် ၊ ရေ ထည့်ပြီးတည်ပေးပါမယ်။ ရေခမ်းသွားရင် သကြားနှင့် ထောပတ်ထည့်မွှေပေးပါ။ (မုန်လာဥနီ မကြိုက်တဲ့ ကလေးငယ်တွေပါကြိုက်မယ့်နည်းလေးပါ)

၄။ နောက်ဆုံးမှာ မေမေတို့ နှစ်သက်ရာဟင်းလေးတွေထည့်ပေးလို့ရပါတယ်။

မျက်နှာပုံစံရေညှိညှပ်တဲ့ ပစ္စည်းနဲ့ ကြက်ဥလိပ်တဲ့ လေးထောင့်အိုး စတဲ့ ထမင်းဗူးအလှဆင်တဲ့ ပစ္စည်းတွေကို Daiso Myanmar ၊Japan Store ဆိုင်တွေမှာ ဝယ်လို့ရနိုင်ပါတယ်။

မူကြိုကပြန်လာတိုင်း ထမင်းမစားလာတဲ့ သားသားမီးမီးလေးတွေအတွက် ဒီလို ချစ်စရာထမင်းပြင်ပေးကြည့်ကြပါနော် မေမေတို့ရေ..

မီးပျက်ပြီး ထမင်းချက်ဖို့မမှီလို့ပဲဖြစ်ဖြစ်၊ ထမင်းမစားလို့ပဲဖြစ်ဖြစ် စိတ်ညစ်ရတဲ့မေမေတို့အတွက် ထမင်းအစား Sandwich လေးတွေလုပ်ပြီးလည်း ထည့်ပေးလို့ရပါတယ်နော်။

၁။ ပေါင်မုန့် မှာထောပတ်အနည်းငယ်သုတ်ပေးပြီး cheese၊ bacon တင်ပြီးလိပ်ပေးပါ။

၂။ သားသားမီးမီးတို့ နှစ်သက်ရာ jam၊ တူနာမရောအနှစ်ကိုသုတ်ပေးပြီး လိပ်ပေးပါ။

Sandwich လေးကတော့ ကလေးတွေ တော်တော်များများ နှစ်သက်ကြပြီး အတွင်းထဲမှာ lettuce၊ tomato စတာတွေလေးကို သေးသေးလေးလှီးထည့်ရင် အသီးအရွက်မကြိုက်တဲ့ ကလေးငယ်တွေတောင် ကြိုက်မယ်လို့ထင်ပါတယ်နော်။

ဒီလို ချစ်စရာ ဂျပန်စတိုင်ထမင်းဗူးလေးလုပ်နည်းလေးတွေက သားသားမီးမီးတို့ရဲ့ ထမင်းစားချင်စိတ်ကိုဆွဲဆောင်စေနိုင်မှာဖြစ်လို့ ကလေးတွေကျောင်းကအပြန်ထမင်းမစားလာလို့ အမြဲစိတ်ညစ်ရတဲ့ မေမေတို့အတွက် အသုံးဝင်မယ်မျှော်လင့်ပါတယ်နော်..

Previous
Previous

မိဘနှင့်ကလေးတို့ကြားကကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့

Next
Next

အသီးအရွက်မကြိုက်တဲ့ကလေးတွေအတွက် နည်းကောင်းများ