သင့်ကလေးကို သင်ပေးထားသင့်တဲ့အလေ့အကျင့်ကောင်းများ

Teach good habits to your child

ကလေးတွေဟာ ဖယောင်းနဲ့တူပြီး လွယ်လွယ်ကူကူ ပုံသွင်းလို့ ရပါတယ်။ ဒါပေမဲ့ မိဘတွေ သတိထားရမှာ တစ်ခုက နည်းမှန်လမ်းမှန် နဲ့ အလေ့ကျင့်ကောင်းတွေကို သင်ကြားပေးဖို့ အရေးကြီး ပါတယ်။ မိဘတွေ ကငယ်ငယ်ကတည်းက အလေ့ကျင့်ကောင်းလေးတွေ နဲ့ပြုစုပျိုးထောင် မယ်ဆိုရင် ကလေးရဲ့ ဘဝဟာပိုပြီး ထွန်းတောက်မှာဖြစ်တယ်။ အလေ့ကျင့်ကောင်းတွေအများကြီးထဲ ကတချို့ကို ဒီနေ့မှာ မျှဝေပေးချင်ပါတယ်။

ရိုးသားပြီး ကိုယ်ချင်းစာတတ်ဖို့သင်ပေးပါ

ကိုယ်ကျင့်တရားဟာ အရေးကြီးပါတယ်။ မေမေတို့အနေနဲ့ကလေးတွေကို ငယ်ငယ်ကတည်းက ရိုးသားဖို့၊ မဟုတ်မမှန်တာ မလုပ်ဖို့ သင်ထားပေးရပါမယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက မလ်ိမ်ဖို့ ၊ သူတစ်ပါးပိုင်ဆိုင်တဲ့ အရာကိုမခိုးဝှက်ဖို့ အမြဲသင်ကြားပေးပါ။ ဒါ့အပြင် ကလေးတွေကို။ ကိုယ်ချင်းစာတရားထားဖို့ တစ်ပါးသူရဲ့ အားနည်းချက်ကို မလှောင်ပြောင်ဖို့၊ အနိုင်မကျင့်ဖို့၊ မကဲ့ရဲ့ ဖို့အမြဲ သွန်သင်ရပါမယ်။ သတိထား ရမှာက မိဘတွေကိုယ်တိုင်က ရိုးသားပြီး ကိုယ်ချင်းစာတရား ရှိဖို့လိုအပ် ပါတယ်။

စာဖတ်ဖို့နဲ့ သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်ဖို့

နိုင်ငံတွေတော်တော်များများမှာ ကလေးတွေကိုငယ်ငယ်ကတည်းက စာဖတ်တဲ့ အလေ့ကျင့်တွေ လုပ်ပေးထားကြပါတယ်။ ကလေးတွေရဲ့ အသက်အရွယ် အလိုက်သူတို့ ဖတ်နိုင်တဲ့ စာအုပ်လေးတွေကို ကိုယ်က အတူတူဖတ်ပေးတာမျိုး လုပ်ပေးပါ။ နောက်ပြီး စာတွေ့တစ်ခုထဲ မဟုတ်ဘဲ လက်တွေ့ဘဝ မှာပါ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်အောင် သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်အောင် လေ့ကျင်ပေး ဖို့လည်းမမေ့ပါနဲ့။ ဒါမှ ကလေးတွေဟာ အထီးမကျန်ဘဲ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာမှာ ဖြစ်တယ်။

ကိုယ်လက်လှုပ်ရှားအားကစားတွေ ပုံမှန်လုပ်ခိုင်းပြီး အချိန်မှန်အိပ်ခိုင်းပါ

အခုလက်ရှိ social media ခေတ်မှာ လူကြီးတွေသာမက ကလေးတွေပါ ဖုန်းအကြည့်များတာဖြစ်လာပါတယ်။ တနေကုန် ထိုင်ပြီး ဂိမ်းတွေဆော့ ဖုန်းသုံးနေတာ လျှော့ခိုင်းပြီး မိဘတွေကိုယ်တိုင်က လေ့ကျင်ခန်း လုပ်တဲ့အလေ့ကျင့်ကောင်းတွေ မွေးမြူပါ။ ဒါ့အပြင် ကလေးတွေတွက် အိပ်စက်ချိန်က အရေးကြီးတာမလို့ အချိန်မှန်မှန် အိပ်စက်ဖို့ အလေ့ကျင့် လုပ်ထားပေးပါ။ အိပ်စက်ချိန်ပြည့်ဝ မှသာကလေးတွေ ရဲ့ ဥာဏ်ရည်ပိုကောင်းလာမှာ ဖြစ်တယ်။

ကျရှုံးမှုတွေလက်ခံတတ်ပြီး အလုပ်ကြိုးစားဖို့ သွန်သင်ပါ

မိဘတွေ ရဲ့တာဝန်တွေ ထဲကတစ်ခုက ကလေးတွေ ကျရှုံးတဲ့ချိန်မှာ အားပေးဖို့ ကျရှုံးမှုတွေထဲက သင်ခန်းစာယူဖို့ နဲ့ ရှုံးနိမ့်မှုဆိုတာ ယာယီဖြစ်ကြောင်း သင်ခန်းစာပေးပါ။ ဥပမာ ကလေးတစ်ယောက် စာမေးပွဲမှာ အမှတ်နည်းလာတာ ဒါမဟုတ် ကျလာတာမျိုးဆိုရင် အပြစ်မတင်ဘဲ နောက်တခေါက်တွက် အခွင့်ရေးပေးပြီး ပြန်ကြိုးစားတတ်ဖို့ သင်ပေးပါ။ စည်းကမ်းရှိဖို့ လေ့ကျင့်ပေးပါ။ ကလေးတွေကို စည်းကမ်းရှိဖို့ သင်ပေးတတ်ကြပေမဲ့ ကိုယ်တိုင်က လမ်းမှာ အမှိုက်ပစ်မိတာမျိုး၊ စာအုပ်တွေကို ညစ်ပတ်အောင် လုပ်မိတာမျိုး ဖြစ်တတ်ပါတယ်။ အနှစ်ချုပ်ပြောရရင် တော်တော်များများက မိဘတွေပေါ် မူတည်နေပါတယ်။ ဒါကြောင့် မေမေတို့က သတိထားပြီး သွန်သင်ဖို့လိုပါတယ်နော် ။

ရေးသားသူ- Edin(Content Writer)


Previous
Previous

{You are the best MOM}Vol.5

Next
Next

Karaage Recipe(ဂျပန်စတိုင် ကြက်သားကြော်)