ကလေးဖြည့်စွက်စာ

ကလေးတွေကိုဖြည့်စွက်စာ ဘယ်အရွယ်ကစကျွေးကြမလဲ?

ပုံမှန်အားဖြင့် ကလေးဖြည့်စွက်စာကို ကလေး ၅လ၊ ၆လ အရွယ်မှာစတင်ကျွေးကြပါတယ်။၅လ၊ ၆လအရွယ်မှာ ကလေးတွေဟာ လည်ပင်းလည်းသေချာမတ်နိုင်နေပြီး ၊ ထိုင်နိုင်တဲ့အရွယ်ဖြစ်လို့ ဖြည့်စွက်စာစတင်ကျွေးလို့ ရတယ်ဆိုပေမယ့် မေမေတို့ရဲ့ သားသားမီးမီးလေးတွေရဲ့ ဖွံဖြိုးမှုအနှေးအမြန်နဲ့လိုက်ပြီး အနည်းငယ်ကွာခြားမှုလေးတွေရှိနိုင်ပါတယ်။

( ၅လ၆လအရွယ်)

မေမေတို့ဗိုက်ထဲကထွက်လာကတည်းက မိခင်နို့၊ နို့ဗူး ပဲသောက်လာတဲ့ ကလေးလေးတွေဟာ ပထမဆုံးလျှာကိုသုံးပြီးအစားအသောက်ကို မြိုချဖို့ကို သင်ယူရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အစာကြေလွယ်တဲ့ ဆန်ပြုတ်ကနေစကျွေးတာအကောင်းဆုံးပါ။ ဆန်ပြုတ်ကိုပြုတ်ပြီး ကြိတ်စက်နဲ့အဖတ်ပါမကျန်အောင်ချေကျွေးဖို့လိုပါတယ်။ ဆန်ပြုတ်အနှစ်ကို တနေ့တကြိမ်စပြီးကျွေးကြည့်လို့ ကလေးကပုံမှန်စားရင် မုန်လာဥနီ၊ ဖရုံသီး၊ အရွက်စိမ်း စတာတွေပါဆန်ပြုတ်နဲ့ရောပြီး ကျွေးလို့ရပါတယ်။ဖြည့်စွက်စာ စကျွေးချိန်မှာ သားသားမီးမီးလေးတွေမစားလို့ဆိုပြီး စိတ်ပူစရာမလိုပါဘူး။ ကလေးငယ်တွေကလိုအပ်တဲ့အာဟာရကို မိခင်နို့နဲ့ နို့မှုန့်တွေမှာပါဝင်နေပြီးသားဖြစ်ပါတယ်။

(၇လ၈လအရွယ်)

၅.လအရွယ်မှာ လျှာကိုသုံးပြီးအစားအစာကိုမြိုချတတ်သွားပြီဆိုရင် ဒုတိယအဆင့်အနေနဲ့ ပါးစပ်ထဲကအစားအစာကိုခြေတတ်အောင်လေ့ကျင့်ယူရမှာပါ။ဒီအရွယ်လောက်ဆို အစားအစာကို သေချာမြိုချတတ်ပြီဖြစ်ပြီး ဖြည့်စွက်စာကိုတရက်ကို ၂ကြိမ်တိုးကျွေးကြည့်ပါ။

(၉လ၁၁လအရွယ်)

၇.၈လအရွယ်မှာ အနည်းငယ်ပျော့ပျောင်းတဲ့ ဆန်ပြုတ်၊ အသီးအရွက် စတာတွေစားနိုင်လာတဲ့အခါမှာ ၉.၁၁လအရွယ်မှာ ဒီထက်တဆင့်တက်ပြီး ထမင်းအပျော့၊ ကြိတ်ထားတဲ့အသားလုံးပြုတ်လေးတွေပါ ကြိုးစားပြီးကျွေးကြည့်ပါ။ တရက်ကို ဖြည့်စွက်စာ၂ကြိမ်ကို ကောင်းကောင်းစားနိုင်လာပြီဆိုရင် မေမေတို့စားသလို တရက်ကို ၃ကြိမ်ကျွေးကြည့်ဖို့အကြံပြုချင်ပါတယ်။

(၁နှစ် ၁နှစ်ခွဲအရွယ်)

ဒီအရွယ်ရောက်ရင်တော့ ဖြည့်စွက်စာကိုကောင်းစာစားနိုင်ပြီး၊ ကိုယ်တိုင် လက်နဲ့၊ ဇွန်းနဲ့ယူပြီး စားဖို့ကြိုးစားနိုင်လာပါလိမ့်မယ်။ ၁နှစ်ကျော်လောက်ဆိုရင် ​ပုံမှန်စားနိုင်လာတဲ့အခါမှာ နို့ဖြတ်ချင်တဲ့မေမေတို့လည်း နို့ဖြတ်ဖို့စဥ်းစားနိုင်ပါတယ်။ နို့ဖြတ်ဖို့က မမေမေတို့သားသားမီးမီးလေးတွေရဲ့ လိုအပ်တဲ့အာဟာရတွေကို ဖြည့်စွက်စာကအပြည့်အဝရယူနိုင်ပြီဆိုမှ နို့ဖြတ်ဖို့ကိုအကြံပြုချင်ပါတယ်။

ဖြည့်စွက်စာစကျွေးချိန်မှာ သတိထားရမည့်အချက်

ကလေးတွေ ဖြည့်စွက်စာစကျွေးချိန်မှာမေ့မထားသင့်တဲ့အရေးကြီးတဲ့အချက်က ဓာတ်မတည့်မှု( Allergy)ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တဲ့အစားအစာက ကြက်ဥ၊ ဂျုံမှုန့်၊ နွားနို့ စတာတွေဖြစ်နိုင်ပြီး တခြား ငါး၊ ပုဇွန်စတာတွေလည်းဖြစ်နိုင်တာကြောင့် ကလေးကို ပထမဆုံးစကျွေးမယ့်အစားအစာကို စစချင်းတဇွန်းကစကျွေးပြီးကလေးအခြေအနေကြည့်ပြီးမှကျွေးပါလို့အကြံပြုချင်ပါတယ်။

Previous
Previous

ကလေးငယ်တွေ စမတ်ဖုန်းစွဲလန်းလွန်းခြင်း

Next
Next

ကိုယ်ဝန်ဆောင်ယောဂ