ကလေးတွေစိတ်ဒဏ်ရာမရစေဖို့ မိဘတိုင်းသိထားသင့်တဲ့အချက်

သားသားမီးမီးတွေကို အပြစ်မတင်ပါနဲ့။

" လူကြီးအစ ကလေးက " ဆိုတဲ့စကားအတိုင်း ငယ်ငယ်ကတည်းက ကိုယ့်ကိုကိုယ် အပြစ်တစ်ခုလိုပြန်မြင်လာတတ်ကြရင် ဒီကလေးတွေက အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာ ကိုယ်ကမတရားခံခဲ့ရရင်တောင် ကိုယ့်ကြောင့်ဖြစ်တယ်ဆိုတဲ့ မလုံမလဲစိတ်က စိတ်ဒဏ်ရာတစ်ခုလိုဖြစ်သွားနိုင်ပါတယ်။

ပြဿနာတစ်ခုခု ဖြစ်လာတိုင်းမှာ မိဘကိုအရင်ဆုံးပြောပြချင်ကြတာ သားသမီးတိုင်းပါပဲ။ ဒါပေမယ့် အဲ့ဒီပြဿနာကို မဖြေရှင်းသေးဘဲ " နင်မှ အသုံးမကျတာ ခံပေါ့ " " ဖြစ်တာတောင် နည်းသေးတယ် " " နုံတာကိုး အ,တာကိုး " စတဲ့ စတဲ့ စကားကြမ်းတွေက ကိုယ့်ကလေးရဲ့ စိတ်လုံခြုံမှုကို အနာတရဖြစ်စေသွားပါတယ်။

" ငါသာ ငြိမ်ခံလိုက်ရင် ရနေတာကို " " ငါ မှားသွားပြန်ပြီလား " " ငါ အသုံးမကျလိုက်တာ " ဆိုတဲ့ စိတ်ဒဏ်ရာတွေကြောင့် မိဘမမြင်ကွယ်ရာမှာ မတရားခံခဲ့ရရင်တောင် အိမ်ကိုပြန်ပြောပြရဲတော့မှာမဟုတ်ပါဘူး။

သူစိမ်းတွေကြားမှာ အနိုင်ကျင့်၊ ဗိုလ်ကျခံခဲ့ရရင်တောင် ပြန်မပြောရဲတဲ့စိတ်၊ ငြိမ်ခံနေရတဲ့ စိတ်က ဘယ်လောက်တောင် အရိပ်ဆိုးဖြစ်နေမလဲ ဖေဖေမေမေတို့ပဲစဥ်းစားကြည့်လေ။

အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာ လူတိုင်းနဲ့နည်းတူ လူတောမတိုးရဲတော့တာ၊ စကားမပြောရဲတော့တာ၊ လူတွေရှေ့ထွက်မပြရဲတော့တာတွေဟာ Parenting System အမှားကြီးအောက်မှာ နေထိုင်ခဲ့ရတဲ့ အကြောင်းရဲ့ အကျိုးဆက်တွဲပါပဲ။

ရွယ်တူတွေမှာ " ငါဘာလုပ်လုပ် ငါ့မိဘရှိတယ် " ဆိုတဲ့စကားကို တဖွဖွပြောနေချိန်မှာ " ငါမှန်နေရင်တောင် အပြောခံရတယ် " ဆိုတဲ့ ခံစားချက်မျိုး ဘယ်သားသမီးမှမလိုချင်ကြပါဘူး။

ဒါ့ကြောင့် ဖေဖေမေမေတို့ကိုပြောချင်တာက ကိုယ့်သားသမီးမှားနေရင်တောင် ပြဿနာကို ဖြေရှင်းပေးပါ။ ပြီးတော့မှ ဆူစေချင်ပါတယ်နော်။ စစ်မှန်တဲ့ သားသမီးအုပ်ချုပ်မှုမျိုး ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်။

Previous
Previous

စည်းကမ်းတင်းကြပ်ခြင်းဟာ ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မူတွေရှိစေမလဲ

Next
Next

မိဘနှင့်ကလေးတို့ကြားကကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့