မိဘနှင့်ကလေးတို့ကြားကကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့

ဖေဖေမေမေ တို့ရေ.....

ကလေးတွေနဲ့ပျော်ရွှင်စွာအတူတကွကစား‌ပေးခြင်းက မိဘ နှင့် ဘေဘီ‌လေးတို့ကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး အချက်ပါနော်။ ရိုးရှင်းလွယ်ကူသလောက် အဖိုးတန်တဲ့ အချက်လည်းဖြစ်ပါတယ်။

ဘေဘီလေးတို့နှင့်အတူ အချိန်‌‌ပေးဖြင့် မိဘနဲ့သားသမီး‌ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ရန် ကူညီပေးပါတယ်။‌ ဘေဘီလေးတို့နှင့် အတူ ကစားခြင်း၊ ဂိမ်းများနှင့် အခြားလှုပ်ရှားမှုများအတွက် အချိန်ပေးနိုင်ပါတယ်။အစားအသောက်ပြင်ဆင်ခြင်း၊ စာဖတ်ခြင်း၊ စကားလုံးဂိမ်းကစားခြင်း၊ ပန်းခြံသွားခြင်းနှင့် အခြားအရာများကဲ့သို့ လှုပ်ရှားမှုများကို အတူတူမျှဝေကြည့်နိုင်ပါတယ်။

ဆော့ကစားတာကစလို့ အတူတူ‌ရှိ‌နေတဲ့အချိန်တွေက ဘေဘီလေးတို့အတွက် ဘယ်လိုကောင်းကျိုးတွေရ‌နိုင်ပါသလဲ ???

မိမိရဲ့အားလပ်ချိန်တွေမှာ ကလေးတို့နှင့် အတူတူအချိန်ဖြုန်း‌ပေးခြင်း‌က ကလေးတို့၏ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးအတွက် ကောင်းမွန်‌စေပါတယ်။ အဘယ်ကြောင့်ဆိုသော် မိဘရဲ့နွေးထွေးတဲ့ဆက်ဆံရေးက ကလေး၏ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သောကြောင့်ဖြစ်ပါတယ်။ အတူတူဆော့ကစားခြင်းစတဲ့ မိဘကသားသမီးအတွက်အချိန်ပေးခြင်းက ကလေးအတွက် မိဘရဲ့ အပြည့်အဝအာရုံစိုက်မှု့ နွေးထွေးမှုပေးခြင်းတို့ကို ခံစားရစေပါတယ်။

မိဘတွေတွေအနေနဲ့က မအားကြသည်ကများသော်လည်း အားလပ်တဲ့အချိန်များမှာ ဂရုတစိုက်ဖြင့်ကလေးရဲ့ အမြင်ကနေ ပတ်ဝန်းကျင်ကိုကြည့်မြင်ခံစားပေးခြင်းနဲ့ ကလေး၏ ကြိုက်နှစ်သက်မှု၊ မကြိုက်မှု၊ စိုးရိမ်မှုများနှင့် စိတ်ပျက်မှုများအကြောင်း ပိုမိုရှာဖွေ‌ပေးရပါမယ်။ ဒါမှသာ ကလေးကို လမ်းညွှန်မှုအချို့ပေးနိုင်ပါတယ်။ သူတို့နှင့် စကားပြောဆိုပြီး ကလေးရဲ့ရင်တွင်းစကားကိုနားထောင်ပေးနိုင်ပါတယ်။

မိဘနှင့်အတူ ကုန်ဆုံးခဲ့သောအချိန်များက သင့်ကလေးအား ပိုမိုပျော်ရွှင်ခံစားနိုင်စေရန်၊ ပိုမိုသက်တောင့်သက်သာဖြစ်စေရန်နှင့် ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲများကို ခံနိုင်ရည်ရှိစေရန် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဆော့ကစားခြင်းကစလို့ ကလေးအတွက်အချိန်ပေးခြင်းဖြင့် ကောင်းမွန်တဲ့မိသားစုဆက်ဆံရေး အခြေခံအုတ်မြစ်ချရန် အလွန်အရေးကြီးပါတယ်။

ဘေဘီလေးတို့နဲ့အတူရှိချိန် ဆော့ကစားချိန်တွေက မိဘဖြစ်သူတွေအတွက် ရော ဘယ်လိုကောင်းကျိုးတွေရပါသလဲ ???

ကလေးငယ်နှင့်အတူ အားလပ်ချိန်များကို မျှဝေခြင်းက လူမှု့ဘဝအခက်အခဲများ၊အလုပ်ဖိအားများကြတဲ့ မိဘလူကြီးတွေအတွက်လည်း ပျော်ရွှင်ပြီးစိတ်ချမ်းမြေ့စေနိုင်တဲ့အခိုက်အတန့်ကိုလဲရ‌ စေနိုင်ပါတယ်။ ကလေးဘဝက ပူပင်သောကကင်းသလိုပဲ ကလေးတို့နဲ့အတူဆော့ကစားအချိန်ပေးခြင်းဖြင့် မိမိတို့ကလည်း ကလေးဘဝတစ်ဖန်ပြန်ခံစားရသကဲ့သို့ အချိန်အခိုက်အတန့်တစ်ခုမှာ ပူပင်မှု့တွေ၊ stress‌ တွေကနေ ခဏတာလွတ်မြောက်နိုင်ပြီး ပျော်ရွှင်ခြင်း၊စိတ်သက်သာရမှု တွေကိုခံစားရမယ့် အခွင့်အရေးတစ်ခုဖြစ်ပါတယ်။မိသားစုရဲ့ ရင်းနှီးနွေးထွေးမှု့ကိုအတူတကွခံစားရနိုင်ပါတယ်။

ကလေးနှင့် နီးနီးကပ်ကပ်နေခြင်းဖြင့် သူတို့ရဲ့ ပိုမိုခေတ်မှီလာတဲ့ လူဘောင်အဖွဲ့အစည်းအတွင်းကရလာတဲ့ အတွေးအခေါ်အသိအမြင်တွေပါခံစားရပါလိမ့်မည်။

ဘေဘီလေးတို့အတွက်အချိန်ပေးခြင်းက နှစ်ဖက်စလုံးကောင်းကျိုးတွေဖြစ်စေကြတော့ အဲဒီအချိန်လေးတွေမှာ ဘယ်လိုလုပ်ဆောင်ချက်လေးလုပ်ကြမလဲ???

တစ်ခါတစ်ရံမှာ ကျွန်မတို့မိဘတွေအနေနဲ့ မိသားစုဘဝ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပျော်ရွှင်အမှတ်ရစရာ အထူးအချိန်များကို ဖန်တီးနိုင်ပါတယ်။ အဲဒါတွေကတော့....

• ကလေးကျောင်းချိန်ပြီးတဲ့အခါမျိုးတွေမှာ သရေစာ အတူတူလုပ်နိုင်ပါတယ်။အတူတူ သရေစာလုပ်ရင်းနဲ့ ဘဝအတွက် တစ်သက်စာ အမှတ်ရနိုင်စရာ အရသာမျိုးကို မှတ်မိခံစားရနိုင်ပါတယ်။
• အစားအသောက် စတဲ့မိသားစုရဲ့ အခြေခံလိုအပ်ပစ္စည်းများကို ဝယ်ယူရမှာ အတူတူ စျေးဝယ်ထွက်ပြီး ကလေးအား ဆုံးဖြတ်ချက်များအတူတူချနိုင်ရန် အားပေးခြင်း များကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။
• အိပ်ရာဝင်ချိန်တွင် စာအုပ်များဖတ်ခြင်းသို့မဟုတ် ပုံပြင်များပြောပြခြင်းတို့ပါ အတူတကွ အပြန်အလှန်လုပ်ဆောင်နိုင်ပါတယ်။
• ကစားမည့်အချိန်မှာ ကလေးအား ကစားရမည့်အရာကို ရွေးချယ်ခွင့်ပေးပါ။သို့မှသာကလေးက ဘာကိုနှစ်သက်သလဲ နဲ့ စိတ်ကူးဉာဏ်ကို သိလာနိုင်ပါလိမ့်မယ်။
• မိသားစုအားလပ်ရက်များမှာ ပန်းခြံကိုအတူတူသွားလည်ဖို့ အချိန်ပေးပါ။ အတူတကွလမ်းလျှောက်ခြင်း ဒါမှမဟုတ် စက်ဘီးစီးခြင်းများကလည်း စိတ်အပန်းပြေ ပျော်ရွှင်စေပါတယ်။
• အထူးတလည် မစဉ်းစားမိရင်တောင်မှ မှောင်မိုက်တဲ့ ညမျိုးတွေတောင်မှ ပြတင်းပေါက်ကနေ အိမ်အပြင်ဘက်မိုးကောင်ကင်ကိုကြည့်ရင် ကြယ်တွေလတွေအကြောင်းကိုကြည့်ရင်း အတူတကွ စကားစမြည်လေးတွေပြောနိုင်ပါတယ်။

ရေးသားသူ- Thae Nu Aung(Mom Content Writer)

Previous
Previous

ကလေးတွေစိတ်ဒဏ်ရာမရစေဖို့ မိဘတိုင်းသိထားသင့်တဲ့အချက်

Next
Next

သားသားမီးမီးလေးတွေအတွက် ဂျပန်စတိုင်ထမင်းဗူးလုပ်နည်း