ကလေးငယ်တွေ ကိုယ်ခံအားကောင်းအောင် ဘယ်လိုနည်းလမ်းတွေနဲ့ဂရုစိုက်ပေးရမလဲ

ကလေးငယ်တွေကို ကိုယ်ခံအားကောင်းအောင် ဘယ်လိုနည်းလမ်းတွေနဲ့ဂရုစိုက်ပေးရမလဲ

မေမေတို့ရေ…

အခုအချိန်မှာ ကူးစက်မြန် Corona Virus အပြင် ရာသီအကူးအပြောင်းရဲ့ တုပ်ကွေးဟာလည်း ကလေးတို့မေမေတွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ဒါကြောင့် ကလေးငယ်တွေကို ကိုယ်ခံအားကောင်းအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ပိုဂရုစိုက်ပေးရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ မိခင်နို့ သည် ပဓာနပါ

မိခင်နို့ရည်မှာဆို ကိုယ်ခံအားကို အထူးကောင်းမွန်စေတဲ့ ရောဂါကာကွယ် ပဋိပစ္စည်းတွေနဲ့ သွေးဖြူဥတွေ လုံလောက်စွာပါရှိပါတယ်။ ဒါ့ကြောင့် ရင်သွေးလေးကို Allergies တွေ Infections တွေက ကာကွယ်ပေးတဲ့အပြင် ဦးနှောက်ကိုလဲ ကောင်းကောင်းဖွံ့ဖြိုးစေပါတယ်ရ။ ပညာရှင်တွေက ကလေးငယ် ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုသာတိုက်ကျွေးဖို့ အကြုံပြုကြပါတယ်။

၂။ အသီးအနှံနဲ့ အရွက်တွေ ပိုမိုထည့်ကျွေးပါ

မုန်လာဥနီ၊ ပဲသီး၊ လိမ္မော်၊ စတော်ဘယ်ရီသီးစတာတွေမှာ ပါဝင်တဲ့ ဓာတ်သတ္တိတစ်မျိုးက ကိုယ်ခံအားကိုမြှင့်တင်ပေးတဲ့ သွေးဖြူဥတွေထုတ်လုပ်မှုကို အထောက်အကူပြုတာမို့ ကလေးတွေကို နေ့တိုင်း သစ်သီးနဲ့ အသီးအရွက်တွေ ကျွေးပေးဖို့ ဂရုပြုကြပါနော်။

၃။ အိပ်စက်ချိန် ကောင်းစွာရရှိပါစေ

မေမေတို့ သတိပြုရမဲ့ နောက်တစ်ချက်ကတော့ ကလေးငယ်တို့ လုံလောက်တဲ့ အိပ်စက်ချိန်ရရှိဖို့ပါ။ အိပ်ချိန်မလုံလောက်မှုဟာ ပြင်ပကဝင်လာတဲ့ပိုးတွေကိုခုခံပေးမယ့် ဆဲလ်လေးတွေကို လျော့ကျစေတာမို့ ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။တစ်နေ့ကိုမွေးကင်းစတွေအနေနဲ့ ၁၆နာရီ၊ ကလေးငယ်တွေအတွက် ၁၄နာရီနဲ့ မူလတန်းကလေးတွေအတွက်ဆို ၁၂နာရီခန့် အိပ်ချိန်လိုအပ်ပါတယ်။

၄။ မိသားစု ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်ပါ

လေ့လာမှုတွေအရ ကလေးငယ်တွေအတွက်လဲ အားကစားလုပ်ပေးတာဟာ လူကြီးတွေနည်းတူ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးငယ်တွေကိုလည်း ကိုယ်လက်လှုပ်ရှားရှိဖို့ ဂရုစိုက်ပေးကြမှ ကြီးလာတဲ့အခါမှာလဲ အားကစားလုပ်တဲ့ အလေ့အကျင့်လေးရှိစေမှာဖြစ်ပါတယ်။ ကလေးတွေကို အပြင်ထွက်ကစားစေခြင်းတင်မဟုတ်ပဲဖေဖေ၊ မေမေတို့ပါ မိသားစု အတူတူကိုယ်လက်လှုပ်ရှားလုပ်ရင်း ကျန်းမာရေးဂရုစိုက်ကြမယ်နော်။

၅။ မေမေတို့လည်း ကျန်းမာရေးဂရုစိုက်ပါ

နောက်ဆုံးအနေနဲ့ကတော့ မေမေတို့ကိုယ်တိုင်ဂရုတစိုက်နဲ့ ကိုယ်ခံအားကောင်းအောင် ကျန်းမာအောင် ဂရုစိုက်နေထိုင်ရပါမယ်နော်။ အာဟာရရှိတဲ့ အစားအစာတွေ စားပေးရမှာဖြစ်သလို လုံလောက်တဲ့ အိပ်စက်ချိန်နဲ့ ကိုယ်လက်လှုပ်ရှားလေးလဲ လုပ်ပေးပါ။ ရင်သွေးလေးကို အနီးကပ်ပြုစုယုယပေးရတဲ့ မေမေတို့ ကိုယ်တိုင်ကျန်းမာနေမှ ဖြစ်မှာမို့ လက်မှန်မှန်ဆေး၊ Mask တပ်ကြဖို့လဲ အမြဲဂရုပြုကြအောင်နော်။

ရေးသားသူ - Theint Mady(Content Writer)

Previous
Previous

ကိုယ်ဝန်ဆောင်စဉ် မစားသင့်သော အစားအစာများနှင် ပါဝင်ပစ္စည်းများ

Next
Next

{You are the best MOM}Vol.5