ကလေးတွေကိုမူကြိုမထားခင် မေမေတို့သင်ထားပေးသင့်တဲ့အချက်များ

ဒီဆောင်းပါးလေးမှာတော့ ဂျပန်ကလေးငယ်တွေကို မူကြိုမထားခင် မေမေတွေက ဘာတွေသင်ကြားပေးထားကြသလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။ ဂျပန်မူကြိုတွေကို ကလေးအသက် ၃နှစ်ပြည့်ရင်ထားခွင့်ရှိပြီး၊ ဝင်ခွင့်စာမေးပွဲကို မေမေနဲ့ ကလေးအတူတူဖြေကြရပါတယ်။

မူကြိုစတက်တဲ့ကလေးတွေဟာ မိဘနဲ့ခွဲပြီး ပတ်ဝန်းကျင်အသစ်မှာ ဆရာမ၊သူငယ်ချင်းတွေနဲ့အတူ အသစ်သစ်သောစွန့်စားမှုတွေကိုပြုလုပ်ကြရမှာဖြစ်လို့ မေမေအတွက်အနည်းငယ်စိုးရိမ်ပူပန်မှုတွေရှိကြမှာပါ။ ခုပြောပြမယ့်အချက်ကလေးတွေကို သင်ကြားပေးထားနိုင်မယ်ဆိုရင် မေမေတို့ရဲ့စိုးရိမ်ပူပန်မှုတွေအနည်းငယ်တော့လျော့နည်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

၁။ ကိုယ့်နာမည်ကိုယ် ပြောနိုင်အောင်သင်ကြားပေးခြင်း

ကလေးငယ်တွေရဲ့နာမည်အပြည့်အစုံကို သေသေချာချာပီပီ သသပြောနိုင်အောင်သင်ကြားပေးထားပါ။ ဥပမာ- မိဘနဲ့အတူအပြင်သွားရင်းလူကွဲသွားတဲ့အခါမျိုးမှာလည်း နာမည်ပြောပြနိုင်ခြင်း

၂။ မိဘဖုန်းနံပါတ်ကို ပြောပြနိုင်အောင်သင်ကြားပေးခြင်း

အထူးသဖြင့် မေမေ့ဖုန်းနံပါတ်ကို မှတ်မိအောင်သင်ပေးထားပါ။

၃။ အိပ်ချိန်၊ စားချိန်မှန်အောင်လေ့ကျင့်ပေးခြင်း

မူကြိုမတက်ခင်မှာ ညအိပ်ချိန်နဲ့မနက်အိပ်ရာထချိန်၊ ထမင်းစားချိန်မမှန်တာ ပြဿနာမဟုတ်ပေမယ့်၊ မူကြိုစတက်တဲ့အချိန်မှာ ညစောစောအိပ်ခိုင်းပြီး မနက်စောစောထတဲ့အလေ့အကျင့်ကလေးပြုလုပ်ပေးပါ။

၄။ ၁ ကနေ ၁၀အထိ ရေတွက်အောင်သင်ကြားပေးခြင်း

အိမ်မှာကစားရင်းပဲဖြစ်ဖြစ် မေမေတို့က ၁ကနေ ၁၀အထိရေတွက်နိုင်အောင် သင်ကြားပေးထားပါ။ ၁ကနေ ၁၀အထိ ရေတွက်နိုင်ပြီဆိုရင် ၂၀၊ ၃၀ တိုးပြီး ရေတွက်နိုင်အောင်သင်ထားပေးပါ။

၅။ နှုတ်ဆက်တတ်အောင်သင်ကြားပေးခြင်း

မဂ်လာပါ၊ ကျေးဇူးတင်ပါတယ် စတဲ့ အခြေခံ နှုတ်ဆက်ခြင်းကို ပြုလုပ်နိုင်အောင်သင်ကြားပေးထားသင့်ပါတယ်။

၆။ အရောင်တွေကို သင်ကြားပေးခြင်း

အိမ်မှာ ကလေးငယ်တွေကို အခြေခံ အနီ၊ အပြာ၊ အဝါ၊ အဖြူ ၊ အမဲ စတာတွေသင်ထားပေးပြီး၊ ပုံသဏ္ဍန် လေးတွေကိုပါ သင်ပြထားပေးပါ။.

၇။ အိမ်သာသွားနိုင်အောင် သင်ကြားပေးခြင်း

မူကြိုမတက်ခင်မှာ ကလေးရဲ့အိမ်သာကိစ္စကို ကိုယ်တိုင်​ ပြုလုပ်နိုင်အောင်သင်ကြားပေးထားသင့်ပါတယ်။ အတွင်းခံကို ဝတ်ခြင်း၊ ချွတ်ခြင်း၊ အပေါ့အလေးသွားပြီး သုတ်ခြင်း၊ရေဆေးခြင်း၊ အိမ်သာသွားပြီး လက်ဆေးခြင်းစတဲ့ တကိုယ်ရေသန့်ရှင်းရေးကိုလုပ်နိုင်အောင်သင်ကြားထားပေးပါ။

၈။ အဝတ်ကိုယ်တိုင်လဲနိုင်အောင် သင်ကြားပေးခြင်း

ကလေးတွေကိုမူကြိုမတက်ခင်ကတည်းက အဝတ်လဲနိုင်အောင်သင်ကြားပေးထားသင့်ပါတယ်။ စစချင်းမှာလွယ်ကူတဲ့ တီရှပ်စတာတွေနဲ့ လေ့ကျင့်ပေးပြီး၊ နောက်ပိုင်းမှာကြယ်သီးတပ်တာဖြုတ်တာနဲ့ ခြေအိတ်ဝတ်နိုင်အောင်လည်းသင်ကြားပေးထားသင့်ပါတယ်။

၉။ လက်ချောင်းတွေနဲ့ ၁၀အထိရေတွက်နိုင်အောင်သင်ကြားပေးခြင်း

လက်ချောင်းလေးတွေကိုအသုံးပြုပြီး ၁ ကနေ ၁၀ အထိရေတွက်နိုင်အောင် သင်ကြားပေးထားပါ။

၁၀။ တစ်ခုခုပြဿနာဖြစ်တဲ့အခါ သေချာပြောပြတတ်အောင်သင်ကြားပေးခြင်း

ဥပမာ- ချော်လဲလို့ ခြေထောက်ကနာသွားတာ၊ ကိုယ့်ရဲ့ပစ္စည်းပျောက်သွားတာ စတာတွေကို ဆရာမကိုပြောပြတတ်အောင်သင်ကြားပေးထားပါ။ ကလေးကျောင်းကပြန်လာရင် ကျောင်းမှာဘာတွေလုပ်ခဲ့လဲ ၊ ဘယ်သူနဲ့ဆော့ခဲ့လဲ နေ့စဥ်ပြုလုပ်ခဲ့တဲ့အရာတွေကိုမေးခွန်းတွေမေးပေးတဲ့အလေ့အကျင့်လေးပြုလုပ်ပေးပါ။

၁၁။ တခြားသူဆီက မနှစ်သက်တဲ့အရာမျိုးပြုလုပ်ခံရတဲ့အခါမျိုးမှာလည်း ငြင်းဆန်တတ်အောင်သင်ကြားပေးခြင်း

ဒါကတော့အရေးကြီးဆုံးအချက်ပါ။ ကျောင်းမှာ သူငယ်ချင်းဆီက မနှစ်သက်တဲ့အရာမျိုးပြုလုပ်ခံရတဲ့အခါမျိုးမှာ လက်နှစ်ဖက်နဲ့ ကာပြီး မလုပ်နဲ့လို့ ပြောနိုင်အောင်သင်ကြားပေးထားပါ။

၁၂။ ကိုယ်တိုင်ထမင်းစားနိုင်အောင်သင်ကြားပေးခြင်း

ကလေးတွေကို အသက် ၂နှစ်အရွယ်လောက်ကစပြီး ကိုယ်တိုင်ထမင်းစားနိုင်တဲ့အလေ့အကျင့်လေးပြုလုပ်ပေးပါ။

၁၃။ ကစားစရာတွေသိမ်းတတ်အောင်သင်ယူပေးခြင်း

ကလေးတွေသိတတ်တဲ့အရွယ်ကတည်းက ကစားစရာလေးတွေကို သိမ်းခိုင်းတဲ့အလေ့အကျင့်လေးကိုပြုလုပ်ပေးထားပါ။

၁၄။ ဝေမျှတတ်တဲ့ စိတ်ထားလေးကိုသင်ကြားပေးခြင်း

သူငယ်ချင်းတွေနဲ့အတူတူ ကစားစရာတွေကို အတူတူ ဝေမျှပြီးကစားတတ်အောင်သင်ကြားပေးထားပါ။

မူကြိုစတတက်တဲ့ကလေးတွေဟာ ပတ်ဝန်းကျင်အသစ်မှာ အမျိုးမျိုးသောစိန်ခေါ်မှုတွေကိုပြုလုပ်ကြရမှာဖြစ်လို့ အခုပြောပြခဲ့တဲ့အချက်လေးတွေကို သင်ပေးထားခြင်းဖြင့်မေမေတို့လည်းအနည်းငယ်တော့ စိတ်ချရမယ်လို့မျှော်လင့်မိပါတယ်။

Previous
Previous

FROM JAPANESE MOM #2

Next
Next

{You are the best MOM}Vol.10